ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ ရွှေမင်းပြည်သူ့စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ယမန်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရွှေညောင်ပင်ကျေးရွာ၊ ရပ်ကွက် (၅) ဖော့စက်ရုံအနီးရှိ စစ်ဆေးရေးဂိတ်တွင် အင်အားထပ်မံဖြည့်တင်းလာသောကြောင့် သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဟိုတလောက ကားမီးရှို့ခံရတဲ့နေရာမှာ သူတို့ကဂိတ်လာလုပ်ထားတယ် အရင်ရက်တွေသွားကြည့်တော့ အသက်အကြီးကြီးတွေဆိုတော့ သွားပစ်ရမှာတောင်အားနာတယ်၊ ဒါပေမဲ့ လူအင်အား လာတိုးတာတွေရှိလာလို့ အဲ့ဂိတ်ကိုသွားပစ်တာဟုတ်တယ်” ဟု ပြောသည်။

ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့် ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

တစ်နာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဆိုပါနေရာတွင် ယမန်နေ့ည ၅ နာရီခွဲခန့်မှ ၈ နာရီခွဲခန့်အထိ ပစ်ခတ်သံများကြားခဲ့ရကြောင်း အောင်မြေ (၁) ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အရင်နေ့တွေမှာပစ်ခတ်တဲ့နေရာမှာပဲ မှောင်လာတဲ့အချိန်ကစပြီးပစ်ကြတာ။ သေနတ်သံက ကျွန်တော်တို့ဘက်က ဝေးလို့မကြားရဘူး။ ရွှေညောင်ပင်က စစ်မရှောင်သေးသူတွေ ပြောတာက သေနတ်သံတွေလည်း ကြားရတယ်လို့ပြောတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားလျင် ကျေးရွာအတွင်း လက်နက်ကြီးစနှင့် ကျည်ဆံများကျရောက်လေ့ရှိသောကြောင့် ဒေသခံပြည်သူများက အောင်မြေ (၁) ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ကြပြီး အချို့မှာကျေးရွာအတွင်း ပုန်းခိုနေကြကြောင်း ရွှေညောင်ပင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ဒီတစ်ခါဖြစ်တာက လုံးဝရွာထဲမှာကိုဖြစ်လာတော့ ရွာထဲအိမ်တွေထိ ထိလာတာတွေရှိတော့ ချက်ချင်း ပြေးကြရတာ။ တချို့က မိုးချုပ်သွားတာတွေရှိတော့ ပြေးချိန်မရတော့ အိမ်မှာရှိတဲ့ကတုတ်ကျင်းတွေမှာပဲ ခိုခဲ့ကြရတယ် လူတွေထိခိုက်တာတွေတော့မရှိဘူး မကြားရသေးဘူး” ဟုပြောသည်။

ရွှေညောင်ပင်ကျေးရွာတွင် ယနေ့နံနက် ၃ နာရီခန့်ကလည်း လက်နက်ကြီးသံများကြားခဲ့ရပြီး ယမန်နေ့ကလည်း လက်နက်ကြီး အချက် (၂၀) ထက်မနည်းကြားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ဒဘက်ကျေးရွာအနီးရှိ ဆမားလမ်းခွဲတွင် တပ်စွဲရန်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့နံနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) က စောင့်ကြိုတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ ရပ်ကွတ် (၅) ဖော့စက်ရုံအနီးတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း အောင်မြေ (၁) ကျေးရွာ လီဆူပြည်သူ့စစ်စခန်းမှ ထွက်လာသည့် ကားနှစ်စီးကို KIA က မီးရှိုးဖျက်ဆီးခဲ့သည်။

သတင်း – Doi Aung၊ Zami

သင့်ထင်မြင်ချက်ရေးပေးပါ