ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်တောင်ကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က အမျိုးသားတစ်ဦးပစ်ခတ်ခံရပြီး ကားမိုင်းဗျူဟာကုန်းမှလည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လဝါးဒေသခံအမျိုးသားနှစ်ဦးက ကာမိုင်းမြို့သို့သွားချိန် ကာမိုင်း – လဝါးလမ်းဆုံရှိ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သောကြောင့် တစ်ဦးမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာဖမ်းဆီးခံခဲ့ရသည်ဟု အသက် ၂၆ နှစ်ခန့်အရွယ်ရှိ လဝါးဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမနက် ကားမိုင်ဂိတ်မှာ လက်နက်ကြီးတွေပစ်နေတာ။ သူတို့နှစ်ယောက်က မသိလို့သွားတာ လမ်းပိတ်နေတော့ ပြန်လာတဲ့အချိန် ဂိတ်ကလည်း မသင်္ကာလို့ပစ်ခံရတယ်ဆိုတဲ့ ပုံစံဖြစ်နေတာ။ သူကပုန်းနေလို့လွတ်ခဲ့တာ။ သူတို့(ရှမ်းနီပြည်သူ့စစ်)တွေက ပစ်ပြီး လာဖမ်းတာ အုပ်ချုပ်ရေးမှူးကိုက ဖမ်းသွားတယ်တဲ့” ဟုပြောသည်။

ဘယ်ဘက်ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဦးအင်ခွန်ဇော်လွမ်မှာ လက်ရှိမြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

ဖမ်းဆီးခံခဲ့ရသည့် လဝါးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျန်မော်နောင်လတ်ဆိုသူကိုလည်း လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း အသက် ၄၆ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဖမ်းထားတာက အုပ်ချုပ်ရေးမှူး သူ့အခြေအနေက ကျွန်တော်တို့မသိရဘူး ထိခိုက်ထားလား မထိခိုက်ထားလား” ဟုပြောသည်။

လက်နက်ကြီးပေါက်ကွဲသံ တစ်ကြိမ်ကြားရပြီးနောက် နံနက် ၁၁ နာရီခန့်မှစတင်ကာ ကာမိုင်းဗျူဟာကုန်းက လက်နက်ကြီး ၁၅ ကြိမ်းထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု အသက် ၂၄ နှစ်အရွယ်ရှိ ကာမိုင်းဒေသခံလူငယ်တစ်ဦးက ပြောသည်။

“တစ်ကြိမ်ပစ်ထည့်ခံရတယ်ထင်တယ် တစ်သံပဲကြားတာကို ဗျူဟာကုန်းက ပြန်ပစ်တာကမနည်းဘူး လက်နက်ကြီးသံ၊ သေနတ်သံလည်းကြားတယ်။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး သူတို့ဘက်ကပဲ ပစ်နေကြတာ တစ်ဖက်ကပဲအသံထွက်နေတာ” ဟု ပြောသည်။

ပစ်ခတ်သံများကြာခဲ့ရပြီးနောက် စစ်ကောင်စီတပ်က ကာမိုင်းစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားခဲ့ကြောင်း ဖားကန့် – မြစ်ကြီးနား ယာဉ်လိုင်းပြေးဆွဲနေသူများထံက သိရသည်။

ဖားကန့်မြို့နယ် လဝါး – ကာမိုင်းလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတက် (KIA) က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း – Doi Awng၊ Zami

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ