စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်က စစ်ကိုင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးကိုသတ်ဖြတ်သွားပြီး ကျေးရွာကိုမီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အင်အား ၇၀ ခန့်ပါရှိသည့် တပ်မ – ၃၃ လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းက လယ်ကြီးကျေးရွာနှင့် ရွာမကျေးရွာကြားတွင် ကင်းထောက်နေသော ကျေးရွာပကဖလေးဦးကိုဖမ်းဆီးခဲ့ပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟု ပကဖတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လက်ချောင်းခြေချောင်းတွေဖြတ်တယ်၊ ငယ်ပါကိုလည်း ဖြတ်ခဲ့တယ်လို့ပြောတယ်၊ ခေါင်းတွေလည်း လေးယောက်စလုံးပွင့်ထွက်နေတာပဲ။ ကျွန်တော်ကတော့ မေးအောက်ကနေ သေနတ်နဲ့ထောက်ပြီးတော့ ပစ်လိုက်တယ်လို့တော့ထင်တာပဲ။ မိသွားပြီးတော့ တော်တော်လေးကိုနှိပ်စက်ပြီးတော့ သတ်ခဲ့တာ။ ခေါင်းကတော့ ထုခွဲတဲ့ပုံစံနဲ့ကြေသွားတာ” ဟုပြောသည်။

ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံခဲ့ရသူ လေးဦး၏ ရုပ်အလောင်းကို ယမန်နေ့ညနေက မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါစစ်ကောင်စီစစ်ကြောင်းက လယ်ကြီးကျေးရွာမှ နေအိမ်တစ်အိမ်နှင့် ရွာမကျေးရွာက နေအိမ် ၁၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများမှာလည်း လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒေသခံတွေလည်း ရွာကိုမဝင်နိုင်သေးဘူး။ အကုန်ရွာလုံးကျွတ် တိမ်းရှောင်နေရတာ။ အခုလောလောဆယ်ကတော့ နီးစပ်ရာရွာတွေမှာနေကြရတာပေါ့။ အဓိကကတော့ တောစပ် အပင်အောက်တွေမှာ ဖြစ်သလိုနေကြရတာပေါ့။ အဲ့စစ်ကြောင်းလည်း အဲ့ရွာအနီးက လမ်းခွမှာ ရောက်နေတယ်လို့တော့ ကြားတယ်” ဟုပြောသည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်နှင့် ပတ်သက်ပြီး ဒေသခံပြည်သူများကလည်း ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် အတိအကျမသိရသေးကြောင်း သူကပြောသည်။

စစ်ကိုင်းမြို့နယ်တွင် ယခုလအတွင်း စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းခြင်းနှင့် တပ်အပြောင်းအလဲများ လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ကလည်း တလိုင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကိုသတ်ဖြတ်ခဲ့သည်။

သတင်း – Dureng

ဓာတ်ပုံ – Ko Thet Telegram channel

သင့်ထင်မြင်ချက်ရေးပေးပါ