ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဒေါ်ဂျန်မော်ခေါန်ရှောင် (ခ) ဒေါ်ချောစုကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ကြပ်ကြီးရာထူး ချီးမြင့်သည့် အခမ်းအနား ယနေ့ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒေါ်ချောစုက စခန်းသိမ်းတိုက်ပွဲတွင် ရဲရင့်ထူးချွန်စွာဖြင့် တိုက်ပွဲစတင်ချိန်မှ ပြီးဆုံးသည်အထိ ပါဝင်တိုက်ခိုက်ခဲ့သောကြောင့် တပ်သားအဆင့်မှ တပ်ကြပ်ကြီး အဆင့်သို့ချီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သားသမီးငါးဦး၏ မိခင်ဖြစ်သော ဒေါ်ချောစုမှာ ယခင်က စက်ချုပ်သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် PDF တပ်ဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သူဖြစ်သည်။

“စစ်တပ်ကအာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို မလိုလားသောကြောင့် သားသမီးများ၏ရှေ့ရေးအတွက်၊ တိုက်ပြည်အတွက် တော်လှန်ရေးလမ်းစဉ်တွင် PDF အဖြစ်ပါဝင်နေခြင်းဖြစ်သည်ဟု” သူကပြောကြောင်း The Kachin Net သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ခြေမြန်တပ်ရင်း ခမရ (၄၂) တပ်နှင့် ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့က နှစ်ပတ်ခန့်အကြာတိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်။

ယခုရက်ပိုင်း ဖားကန့်မြိုတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တိုကြား တိုက်ပွဲပြင်းထန်နေပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မံစီမြို့နယ်နှင့် ရွှေကူမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ထိတွေ့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။

 

သတင်း – Nann

ဓါတ်ပုံ – The Kachin Net

သင့်ထင်မြင်ချက်ရေးပေးပါ