စစ်ကောင်စီတပ်က ခရီးသွားကားများကို အချိန်အကန့်အသတ်ဖြင့်သာ သွားလာခိုင်းသောကြောင့် မြစ်ကြီးနား – ဖားကန့်လမ်းတွင် တစ်ညအိပ်ကာ သွားနေရကြောင်း သိရသည်။

ခရီးသည်ကားများကို ကာဗာယူထားခြင်းဖြစ်ပြီး တစ်စီးခြင်းသွားနေရသဖြင့် ၉၄ မိုင်ခန့်အကွာအဝေးရှိသည့် ခရီးကို တစ်ညအိပ် သွားနေရသည်ဟု ဖားကန့် – မြစ်ကြီးနား ယာဉ်လိုင်းပြေးဆွဲနေသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကပ်မှော်ဇွပ်ကျေးရွာထိကို တန်းစီစောင့်နေရတာ။ နန့်ယားတစ်နေရာမှာတင် အချိန်သုံးနာရီလောက် စောင့်လိုက်ရတယ်။ လာပစ်မှာကြောက်လို့ ကားကိုတစ်စီးခြင်းပဲဖြတ်ခိုင်းတာ မနက်ဖြန်လမ်းပြန်ပိတ်မယ်လို့လည်း ကြားနေရတယ်” ဟုပြောသည်။

ဆိုင်ကယ်နှင့် ရွာခံကားများကို ဖြတ်သန်းသွားလာခွင့်ပေးထားပြီး ခရီးသည်ကားများကိုသာ စောင့်ဆိုင်းထားခိုင်းခြင်းဖြစ်ကာ တန်းစီနေသောကားများမှာလည်း နန့်ယားကျေးရွာနှင့် ကပ်မှော်ဇွပ်ကျေးရွာသည် အရှည်တစ်မိုင်ခန့်ရှိကြောင်း သိရသည်။

ထိုအပြင် နန့်ယားဂိတ်မှာ ညနေ ၅ နာရီတွင် ပိတ်သောကြောင့် အချို့ကားများမှာ လဝါးကျေးရွာတွင် တစ်ညအိပ်ရကြောင်း ခရီးသည်တစ်ဦးကပြောသည်။

“သူတိုရဲ့ဂိတ်ရှေ့မှာ ကားကိုတန်းစီခိုင်းတာဟုတ်တယ်။ အဲ့ဒီမှာ အချိန်ကြာနေတော့ လိုရာခရီးမရောက်ဘူး။ စိတ်ပျက်ဖို့ကောင်းတယ်၊ အသက်ကြီးတဲ့ စစ်သားနှစ်ယောက်ဟုတ်တယ် အချိန်ပြည့်ဆဲနေတာ” ဟုပြောသည်။

ခရီးသည်များ၏ မှတ်ပုံတင်နှင့် သယ်ဆောင်လာသည့်ပစ္စည်းများကို အဓိကထားစစ်ဆေးကာ၊ ကားများကို တစ်စီးပြီးမှ တစ်စီးဖြတ်သန်းခွင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား – ဖားကန့်လမ်းသည် ပုံမှန် (၅) နာရီခန့်သာမောင်းနင်ရသော ခရီးဖြစ်သော်လည်း စစ်ကောင်စီဂိတ်၏ စစ်ဆေးမှုများကြောင့် ကားတန်းစီရသဖြင့် နေ့စဉ် ကား ၃၀ ခန့်မှာ လမ်းတွင် တစ်ညအိပ်ကာသွားနေရခြင်းဖြစ်ကြောင်း ယာဉ်လိုင်းပြေးဆွဲနေသူများထံမှသိရသည်။

ယခုရက်ပိုင်း ဖားကန့်မြိုတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တိုကြား တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း တိုက်ပွဲကြောင့် နန့်တိန်ကျေးရွာနှင့် ကာမိုင်းမြိုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဖားကန့် – မြစ်ကြီးနားလမ်းကို လေးရက်ခန့်ပိတ်ထားခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ