ရှမ်းနီအမျိုးသားများတပ် (SNA) က ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာများတွင် အဓမ္မလိုက်လံစုဆောင်းနေပြီး တပ်သားသစ်မလုပ်ပါက တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀ ပေးရမည်ဟုတောင်းယူကြောင်း သိရသည်။

ဆယ်အိမ်စု တစ်စုလျှင်လူငါးဦးပေးရမည်ဖြစ်ပြီး တပ်ထဲမဝင်လိုဘဲ ထွက်ပြေးသူတို့၏ နေအိမ်များကိုလည်း လိုက်လံမီးရှို့ဖျက်ဆီးနေသည်ဟု ဟုမ္မလင်းဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“အမှိုက် ဗူးခွံပုလင်းခွံကောက်တဲ့သူတွေကအစ လက်နက်ပေးပြီးခေါ်ထားတယ်ဗျာ။ သူတို့(SNA)အခုလို စုနေတာတော့ကြာပါပြီ။ အသေအပျောက်များတော့ မရမကအတင်းစုနေတယ်။ သူတို့ထဲမဝင်ချင်လို့ ရှောင်ရင်လည်း အိမ်တွေဖျက်ပြီးမီးရှို့ပစ်တယ်။ SNA တွေ အနိုင်ကျင့်ဗိုလ်ကျတာကို နေ့စဉ်နဲ့အမျှ ခံစားနေရတယ်” ဟုပြောသည်။

လက်ရှိ SNA တပ်ဖွဲ့ဝင်များက ဟုမ္မလင်းမြို့နယ်ရှိ နမ့်တောစံပြကျေးရွာ၊ နောင်ပိုအောင်စံပြကျေးရွာ၊ ခေါက်ငိုးကျေးရွာ၊ ဟွေဖလာကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ လိုက်လံစုဆောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

စုဆောင်းခံရသူ ငါးဦးမှ နှစ်ဦးစစ်သင်တန်းတက်ရောက်ကာ ကျန်သုံးဦးက ထောက်ပံ့ပေးရမည်ဖြစ်ပြီး ဆယ်အိမ်စုများမှ လူမပေးနိုင်ပါက တစ်ဦးလျှင်‌ ငွေကျပ်သိန်း ၂၀ နှုန်းဖြင့် ငါးဦးအတွက် ကျပ်သိန်း ၁၀၀ ကောက်ခံနေကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် SNA တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ဒေသခံပြည်သူများအပေါ် ငွေကြေးကောက်ခံခြင်းနှင့် တပ်သားသစ်စုဆောင်းခြင်းများ ပိုမိုဆိုးဝါးစွာလုပ်ဆောင်လာနေကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“အရင်ကတည်းက တစ်အိမ်တစ်ယောက်ခေါ်တယ် ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့နယ်မြေတွေဆို ရွာစဉ်အလိုက် မီးရှို့တာတွေရှိတယ်။ အခုသူတို့လှုပ်ရှားတဲ့နေရာတွေက အရင်ကတည်းကသူတို့နေရာဆိုတော့ စိတ်ကြိုက်လုပ်လို့ရတာ။ သူတို့က အခုလိုအကြမ်းဖက်တော့ မထောက်ခံတဲ့သူတွေကပိုများတာပေါ့။ လူမျိုးရေးထက်ကို ပိုက်ဆံရဖို့ပဲပိုလုပ်တာဗျာ” ဟုပြောသည်။

ရှမ်းနီအမျိုးသားများတပ် (SNA) ကို ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသိုမြို့နယ် နှင့် ဗန်းမောက်မြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသည်။

ရွှေပြည်အေးမြို့နှင့် ဟုမ္မလင်းမြို့ကြား လွှစင်ကုန်းကျေးရွာရှိ ရှမ်းနီ (SNA) နှင့် စစ်ကောင်စီ ပူးပေါင်းတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ