ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ နေရာအချို့တွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မြစ်ကြီးနား -ဗန်းမော် – မန္တလေးသို့သွားလာသည့် ကားလမ်းပိုင်းများအားလုံးပိတ်ထားကြောင်း သိရသည်။

ဗန်းမော် – မန္တလေး ကားလမ်းမကြီးပေါ်ရှိ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေ့မှစပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသောကြောင့် ခရီးသည်ကားများအားလုံးရပ်နားထားရသည်ဟု ဗန်းမော်မြို့ကားကြီးဝင်းရှိ ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကားလမ်းတွေက ပိတ်ထားတယ်။ ဒီနေ့နဲ့ဆို လေးရက်မြောက်လောက်ရှိပြီ။ အခုရှိထားတဲ့လမ်းတွေက အကုန်လုံးပိတ်ထားတာပဲ။ ဘယ်လမ်းမှသွားလို့မရဘူး။ လောလောဆယ် ဘယ်ကားမှမသွားဘူး အကုန်လုံး ရပ်ထားကြတယ်။ ဘယ်လောက်ကြာမလဲတော့ မပြောတတ်ဘူး။ သူတို့ကတော့ ရက်အကန့်သတ်မရှိ ပြောထားတာပဲ” ဟုဆိုသည်။

ကောလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် မြစ်ကြီးနား – ရန်ကုန် ခရီးစဉ်များအားလုံးကိုလည်း ရပ်နားထားသည်ဟု မြစ်ဖျားဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်မောင်းတစ်ဦးကပြောသည်။

“မြစ်ကြီးနား – မန္တလေးလမ်းတော့ ပိတ်တယ်။ တခြားဂိတ်ကတော့မသိဘူး ကျွန်တော်တို့ဂိတ်ကတော့ ပိတ်တယ်။ ကောလင်းနားမှာ တစ်ခုခုဆိုလားပဲ ပိတ်ရင်လည်းအရမ်းတော့မကြာဘူး။ နှစ်ရက်၊ သုံးရက်လောက်ပါပဲ။ လမ်းကြောက လုံးဝပိတ်တယ်လို့လည်း မဟုတ်ဘူး ထွက်တယ်လို့လည်း မဟုတ်ဘူး အားလုံးက အခြေနေ ကြည့်ပြီးထွက်ကြတာ။ ဒီနေ့ကတော့ ရန်ကုန် – မြစ်ကြီးနားတော့ ဘယ်ကားမှမရှိဘူး” ဟုဆိုသည်။

မန္တလေး – မြစ်ကြီးနားလမ်းပိုင်းဖြစ်သည့် မဲဇာတောင်ခြေ ကျောင်းကုန်းလမ်းပိုင်းတွင် လမ်းပိတ်ထားသည့် အတွက် ယာဉ်လိုင်းများအားလုံးရပ်နားထားကြောင်း မန္တလေး – ဖားကန့် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“အတက်က ကျောင်းကုန်းမှာပိတ်ထားတယ်။ ဒီမဲဇာတောင်ခြေ ဟိုဘက်လမ်းဆိုရင်တော့ နန့်တဲပေါ့ အင်းတော် ဒီဘက်အထွက်မှာပိတ်ထားတာ။ ကျောင်းကုန်းလမ်းပေါ့။ ဒီမနက် ပြန်ဖွင့်တယ်လို့လည်းကြားတာပဲ။ ဒီနေ့ ကျွန်တော်တို့ဂိတ်ကတော့ မတက်ဘူး” ဟုဆိုသည်။

ထီးချုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ကလည်း အင်းတော် – ထီးချိုင့် – တကောင်း လမ်းပိုင်းကို တစ်ပတ်ခန့်ကြာ ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့သည်။

သတင်း – Thu Ta၊ Dureng

သင့်ထင်မြင်ချက်ရေးပေးပါ