မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် တစ်ပါတ်အတွင်း ယာဉ်တိုက်မှု ၁၁ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိသူတစ်ဦးနှင့် သေဆုံးသူနှစ်ဦးရှိခဲ့ကြောင်း သိရသည်။

အရှိန်ပြင်းစွာမောင်းနှင်ခြင်းနှင့် အရက်သေစာသောက်စားထားသောကြောင့် ယာဉ်တိုက်မှု ပိုမိုအဖြစ်များနေခြင်းဖြစ်သည်ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အဓိကကတော့ မလောဖို့ပေါ့၊ အချိန်တန်ရင်ရောက်သွားလိမ့်မယ်။ ယာဉ်တိုက်မှုဖြစ်ပြီဆိုရင် သောက်စားထားတာက ပိုများတယ်။ ညနေပိုင်းမှာ အလုပ်ပြီးပြီး သောက်စားပြီး အိမ်ပြန်ကြတဲ့အချိန်တွေမှာဖြစ်ကြတာ များတယ်” ဟုပြောသည်။

ဆွမ်ပရာဘွမ်လမ်း၊ မူးယစ်ဖြတ်ဆေးရုံအနီး ဂေါက်ကွင်းအရှေ့ရှိပလက်ဖောင်းကို တိုက်မိသောကြောင့် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၈ ရက်နေ့က အမျိုးသားတစ်ဦး ဦးခေါင်းထိကာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်း ဒေသအခေါ် ဂျပန်တံတားလမ်းတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ပြည်သူများအနေဖြင့်လည်း ယာဉ်စည်းကမ်းလမ်းစည်ကမ်းလိုက်နာရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မြစ်ကြီးနား) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ယာဉ်မတော်တဆမှုဖြစ်တာက အရက်ကြောင့်လည်းပါတယ်။ ဂျပန်လမ်းမှာပဲ ခရီးသည်ကားက အရက်သောက်ထားလို့ မြောင်းထဲထိုးကျသွားတာ၊ လူမသေလို့ကံကောင်းတယ်။ ပြီးရင်အဓိက ကယာဉ်စည်းကမ်းကိုလိုက်နာဖို့လိုတယ် ပြည်သူတွေအနေနဲ့၊ ဆိုင်ကယ်စီးရင် ဦးထုပ်က မဆောင်းချင်ကြဘူး။ အဲ့တာကြောင့်လည်းပိုဆိုးတယ်” ဟုပြောသည်။

မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့ညက ကားတစ်စီးက ဆိုင်ကယ်သုံးစီးကိုဆင့်တိုက်ခဲ့သောကြောင့် အမျိုးသားတစ်ဦး ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရသည်။

ဆိုင်ကယ်သုံးစီးကိုဆင့်တိုက်သွားသော လင်ခရူဇာအမျိုးအစား ကားအဖြူရောင်မှာ မောင်းပြေးသွားကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁၈၀ မှု၊ ဒဏ်ရာရရှိမှု ၁၉၈ မှုနှင့် သေဆုံးမှု ၁၂၇ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ