ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့က ယနေ့ နံနက် ၇ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဝှေခါကျေးရွာရှိ ရဲစခန်းနှင့် တပ်စခန်းကုန်းကို နှစ်ပတ်ခန့်အကြာတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းတပ်ဖွဲ့ဝင်များနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရဲကုန်းကတော့ စတိုက်တဲ့နေ့ကတည်းက သိမ်းတာ။ ရဲကုန်းက အရှင်တွေကော အသေတွေကော စစ်တပ်ကုန်းမှာသွားပြီးပူးပေါင်းတာ။ အဲဒီတပ်ကုန်းက အရင်တုန်းကတော့ ဗျူဟာမှူးထိုင်တာ။ အခုကတော့ တပ်ရင်းမှူးပဲ။ အရှင်ဖမ်းမိတာတွေလည်းရှိတယ်။ လောလောဆယ်တော့ အတိအကျတော့မသိရသေးဘူး” ဟုဆိုသည်။

တပ်စခန်းများသိမ်းပိုက်ခံရပြီးနောက် ဖားကန့်မြို့လယ်ရှိ စစ်ကောင်စီဗျူဟာကုန်းမှ ဝှေခါကျေးရွာသို့ လက်နက်ကြီးများပစ်ခတ်နေသော်လည်း စခန်းသိမ်းပြီးဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဝှေခါစစ်တပ်တော့ သိမ်းနိုင်ပြီ ဒါပေမဲ့အခုချိန်ထိတော့ အသံတွေထွက်နေသေးတယ်ဆိုတာက စကစစစ်သားတွေ ရွာထဲမှာရှိနေသေးလို့ ပစ်နေကြတာ” ဟု ပြောသည်။

လက်ရှိအချိန်တွင် နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေပြီး လက်နက်သိမ်းဆည်းရမိမှု အသေးစိတ်မသိရသေးကြောင်း အခြား KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်သားတွေ မနေ့ညက ပြေးသွားပြီ၊ မရှိတော့ဘူးတဲ့၊ အကုန်အပြောင်။ ခိုးကြောင်ခိုးဝှက် ထွက်ပြေးသွားတာဆိုတော့ သူတို့ (စကစ)တွေ မထမ်းနိုင်တဲ့ ပစ္စည်းတွေလောက်ပဲ ကျန်မှာ။ ဘာတွေ သိမ်းရတယ်ဆိုတာတော့ အသေးစိတ်မသိရသေးဘူး၊ ရှင်းလင်းရေးလုပ်နေတုန်း” ဟုပြောသည်။

ဂျမ်ဂါကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မကုန်းမှလည်း လက်နက်ကြီးပစ်ကူခဲ့ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် KPD ပူးပေါင်းတပ်ဖွဲ့တို့ ဝှေခါကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းမှူးကိုဖမ်းဆီးရမိခဲ့ကာ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။

ဖားကန့်မြို့နယ် ဝှေခါကျေးရွာတွင် ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဝှေခါကျေးရွာအပါအဝင် အနီးရှိဂျမ်ဂါကျေးရွာ၊ မော်လကင်၊ ဆိုင်းအောင်စသည့် ဒေသခံပြည်သူအယောက် ခုနှစ်ရာကျော်သည် ဆိပ်မူကျေးရွာရှိ စိမ်းမြသုခဘုန်းကြီးကျောင်းတိုက်တွင် စစ်ရှောင်နေကြဆဲဖြစ်သည်။

သတင်း – Thu Ta၊ Pan Soon၊ Zami

သင့်ထင်မြင်ချက်ရေးပေးပါ