မြစ်ကြီးနား – ဖားကန့်လမ်းကို လေးရက်ကြာပိတ်ထားခဲ့ပြီးနောက် ယနေ့ နံနက် (၈) နာရီခန့်က ပြန်ဖွင့်ခဲ့သော်လည်း လမ်းတွင် စစ်ကောင်စီတပ်များက တင်းကြပ်စွာစစ်ဆေးနေကြောင်း သိရသည်။

နန့်ယားကျေးရွာအနီးတွင်ပိတ်မိနေသူများအတွက် အဓိကလမ်းဖွင့်ပေးခြင်းသာဖြစ်ပြီး တိုက်ပွဲဖြစ်ပါက ပြန်ပိတ်နိုင်သည်ဟု ခရီးသည်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အဓိကတော့ လမ်းမှာပိတ်မိနေတဲ့သူတွေကို ပြန်လွတ်တဲ့သဘောသက်ရောက်တယ်။ အစစ်ဆေးတွေ ကြမ်းတယ်။ အဓိကတော့မှတ်ပုံတင်ပေါ့။ ရက်ပိုင်းပဲဆိုတော့ တိုက်ပွဲဖြစ်ရင် ပြန်ပိတ်မဲ့သဘောရှိတယ်” ဟုသူကပြောသည်။

ဖားကန့်သို့အတက်နှင့် အဆင်းနှစ်ခုလုံးကို ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဂိတ်များကလည်း ဂိတ်ကြေးပြန်လည်ကောက်ခံနေကြောင်း ယာဉ်မောင်းတစ်ဦးကပြောသည်။

“လမ်းမှာတော့ပွဲလိုပဲ ကားတွေတန်းစီလို့ အဆင်းကားကော အတက်ကားကော ဆုံကြတော့ တချိုနေရာတွေမှာ ကားတွေတောင်ပိတ်တယ်။ ဂိတ်ကြေးကတော့ အရင်ပေးနေကြတိုင်း ပေးရတယ်” ဟုသူကပြောသည်။

ဖားကန့်မြို နန့်တိန်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဖားကန့် – မြစ်ကြီးနားလမ်းကို လေးရက်တိတိ ပိတ်ထားခဲ့သည်။

ဖားကန့်မြို့နယ်တွင် ယခုတစ်ပတ်အတွင်း တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီစခန်းအချို့ကို KIA က အပြင်းအထန် ထိုးစစ်ဆင်နေသည်။

သတင်း – Pe Ti

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ