ကချင်လွတ်မြောက်ရေးတပ် (KIA)က မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယနေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

မံဝိန်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်၏ ဘန်ခုံယာန်စခန်းကို ယနေ့ နံနက် ၈ နာရီခန့်ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး လက်နက်ချအညံ့ခံခဲ့သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ဒီစခန်းမှာရှိတဲ့ စစ်သား ၂၄ ယောက်စလုံး လက်နက်ချတော့ ဖမ်းလိုက်နိုင်ပြီတဲ့။ ဂေါ့ငူယာန်၊ ဘန်ခုံယာန်လို့ခေါ်တယ်။ မန်ဝိန်းနဲ့တော့ သိပ်မဝေးဘူး” ဟုပြောသည်။

ဘန်ခုံယာန်စခန်းနှင့် လွယ်ဂျောင်ဘွမ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုလည်း အရှင်ဖမ်းဆီးရမိထားသည်ဟု KIA ရှေ့တန်းတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ထပ်မံအတည်ပြုပြောသည်။

“စခန်းနှစ်ခုတော့သိမ်းထားပြီ။ ဘန်ခုံယာန်စခန်းနဲ့ လွယ်ဂျောင်ဘွမ် စခန်းကြီးတွေပဲ။ (စစ်ကောင်စီ) အရှင်တွေလည်း အများကြီးမိထားတယ်။ တခြားစခန်းတွေကိုလည်း ထိုးစစ်ဆင်နေတယ်” ဟုဆိုသည်။

မံဝိန်းကြီးကျေးရွာမှာ ကချင်ပြည်နယ် မံစီမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အစပ်တွင်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်။

မံစီမြို့နယ် အူလန်ပါကျေးရွာအုပ်စု၊ ကဒေါ်ကျေးရွာရှိ အင်ခန်းကောင် (Nhkang Kawng) တပ်စခန်းကိုလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) ကတိုက်ခိုက်ခဲ့သည်။

သတင်း – Thu Ta၊ Pan Soon

 

သင့်ထင်မြင်ချက်ရေးပေးပါ