စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာမှ ဒေသခံလေးဦးတို့၏ ရုပ်အလောင်းများကို ယနေ့နံနက်က ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အမျိုသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးကို ယမန်နေ့နံနက် ခြောက်နာရီခန့်က စစ်ကောင်စီစစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ယက်ကုန်းကျေးရွာတွင် အပိုင်းပိုင်းခုတ်သတ်ဖြတ်ကာ မီးရှို့ခံထားရသည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု လက်ယက်ကုန်းကျေးရွာခေါင်းဆောင်က The 74 Media ကိုပြောသည်။

“ရက်ရက်စက်စက်သတ်သွားတာပါ။ ခြေထောက်တခြား၊ လက်တခြား၊ ခေါင်းတခြား အကုန်ခုတ်ထစ်ပြီးတော့ သတ်ထားခဲ့တာ။ ဘယ်သူဘယ်ဝါဆိုတာ အကုန်အတည်ပြုနိုင်ပြီ မီးထဲထည့်ခဲ့တာက အမျိုးသမီးလို့ပြောတယ် ဖိနပ်၊ အင်္ကျီနဲ့ နှိပ်စက်ထားတဲ့သွေးအိုင်ထဲမှာ ပယင်းဆွဲကြိုးတွေ့ပုံအရအတည်ပြုလိုက်တာဗျာ” ဟုပြောသည်။

ရုပ်အလောင်းများကို မိသားစုဝင်များက ဒီပဲလင်းမြို့နယ်၊ မဲအိုးကျေးရွာသို့ ယူဆောင်သွားပြီး မီးသင်္ဂြိုဟ်ရန်စီစဉ်နေကြောင်း သူကပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဦးအောင်မြင့်ကျော် (ခ) မောင်နီ (ခ) ‌ကိုကုလား၊ အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ဦးထွန်း၊ အသက် ၄၈ နှစ်ခန့်အရွယ်ရှိ ဦးဇော်ဝင်းနှင့် မခင်နှင်းဌေး ဆိုသူတို့ဖြစ်ပြီး အမျိုးသမီးရုပ်အလောင်းကို နေအိမ်တစ်လုံးနှင့်အတူ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိအချိန်တွင် လက်ယက်ကုန်းကျေးရွာမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း ဒေသခံပြည်သူများက ဆက်လက်တိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“အခုလောလောဆယ် စစ်ဘေးရှောင်နေတော့ ကိုယ့်အစီစဉ်နဲ့ ကိုယ်နေကြရတာပေါ့။ ကျွန်တော်တို့ လက်ယက်ကုန်းက စစ်ဘေးရှောင်နှစ်ရာကျော်၊ သုံးရာလောက်ရှိတယ်။ ရွာလုံးကျွတ်ရှောင်နေရတာ အခုထိ ရွာမရောက်သေးဘူး” ဟုပြောသည်။

ဒီပဲယင်းမြို့နယ်၊ ကွက်သစ်ကျေးရွာမှ ဒေါ်အုန်းဆင့်ဆိုသူကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ