အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် KBC စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး၏အမှုသည် ကိုးနှစ်တာကာလသို့ရောက်ရှိလာပြီဖြစ်သော်လည်း အမှုမှန်ပေါ်ပေါက်ရန် မိသားစုဝင်များလိုလားနေဆဲဖြစ်ကြောင်းသိရသည်။

သတ်ဖြတ်ခံရသည့်ဆရာမတန်ဘောင်ခေါန်နန်စင်နှင့် ဆရာမ မရန်လုရာတို့၏ဖြစ်စဉ်သည် ယနေ့တွင် ကိုးနှစ်တာကာလပြည့်မြောက်ခဲ့ပြီဖြစ်ကာ ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်စေလိုကြောင်း သတ်ဖြတ်ခံရသည့်ဆရာမ မရန်လုရာ၏ မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုက တရားမျှတတဲ့အဖြေလည်းမပေါ်၊ မမျှတတာလည်းမပေါ်၊ ဒီတိုင်းငြိမ်သွားတာကိုပိုခံစားရတာပေါ့။ လုပ်တာရှိလို့ဒီလိုဖြစ်တာလေ။ ဒါကြောင့်ဘယ်သူပဲလုပ်လုပ် တစ်နေ့နေ့တစ်ချိန်ချိန်မှာအမှုမှန်ပေါ်ပြီးတရားရင်ဆိုင်စေချင်ပါတယ်” ဟုပြောသည်။

ကိုးနှစ်တာကာလအထိကြာမြင့်လာသော်လည်း တရားမျှတမှုမရှိသေးသောကြောင့် ဝမ်းနည်းရသည်ဟု ဆရာမတန်ဘောင်ခေါန်နန်စင်၏မိသားစုဝင်တစ်ဦးကလည်း ဆိုသည်။

“တစ်နေ့နေ့မှာ အမှန်တရားပေါ်ပေါက်လာအောင်လုပ်နိုင်တဲ့သူတွေပေါ်လာတဲ့အချိန် ဒီလိုမျိုးမတရားပြုကျင့်သတ်ဖြတ်တာမျိုးမဖြစ်အောင် နည်းသွားအောင်၊ အမှန်တကယ်တရားမျှတမှုရအောင်ဖြေရှင်းနိုင်မှသာ ဒီလိုမျိုးလုပ်သူတွေမရှိသွားမှာ” ဟုပြောသည်။

ဆရာမနှစ်ဦး၏အမှုနှင့်ပတ်သက်ပြီး အဓိကလိုက်ပါဆောင်ရွက်နေသည်မှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဖြစ်ပြီး လက်ရှိအခြေအနေတွင် အခြေအနေတစ်ခုကြောင့် ရပ်ဆိုင်းထားရသော်လည်း တရားမျှတမှုရရှိရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု အဆိုပါအဖွဲ့၏ ဒုတိယအတွင်းရေးမှူးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ကနေတော့ ရပ်လိုက်တာလည်းမဟုတ်ဘူး။ ထားခဲ့တာလည်းမဟုတ်ဘူး။ အရှင်ဟုတ်တယ်ဆိုတာကိုတော့ ပြောချင်တယ်။ အခုအချိန်ကအခြေအနေတစ်ခုဖြစ်နေတော့ အလုပ်လည်းလုပ်လို့မရဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ဘက်ကလုပ်စရာရှိတာတော့ လုပ်ထားပြီ။ အခြေအနေတစ်ခုကိုစောင့်နေတယ်၊ ဒီအမှုနဲ့ပတ်သက်ပြီး တရားမျှတတဲ့အဖြေရဖို့အထိလုပ်မယ်လို့ပြောချင်တယ်” ဟုပြောသည်။

ဆရာမနှစ်ဦး၏ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် အမှုမှန်ပေါ်ပေါက်လာပြီးတရားမျှတမှုရရှိစေရန် အားလုံးဝိုင်းဝန်းဆုတောင်းပါဝင်ပေးစေလိုကြောင်း သူကပြောသည်။

KBC စေတနာ့ဝန်ထမ်းဆရာမနှစ်ဦးဖြစ်သည့် မရန်လုရာနှင့် တန်ဘောင်ခေါန်နန်စင်တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်ရှိ ကောင်းခါးကျေးရွာတွင်၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ညသန်းခေါင်အချိန်တွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပြီး ယနေ့အချိန်ထိ အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေးပေ။

ဆရာမနှစ်ဦးသတ်ဖြတ်ခံခဲ့ရသည့်ညက စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၅၀၃) စစ်ကြောင်းသည် ကောင်းခါးကျေးရွာတွင်ရောက်ရှိနေကာ နောက်တစ်နေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

အဆိုပါဆရာမနှစ်ဦး၏အမှုမှန်ပေါ်ပေါက်စေရန် ကူညီဆောင်ရွက်ပေးနေသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ အကြံပေးဖြစ်သူ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုဒ်မသုံးခုဖြင့် မြစ်ကြီးနားအကျဉ်းထောင်တွင် ထောင်ဒဏ် ၆ နှစ်ချမှတ်ထားသည်။

သတင်း – Doi Awng

 

သင့်ထင်မြင်ချက်ရေးပေးပါ