ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက္ခုပ်တန်းရပ်ကွက်မှ ယောက်ျားလေးတစ်ဦးသေဆုံးပြီး ကလေးခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆေးရုံသို့ပို့ဆောင်နိုင်ခြင်းမရှိသောကြောင့် နံရိုးတွင်ထိခိုက်ဒဏ်ရာရရှိထားသည့်ကလေးတစ်ဦး သေဆုံးသွားကြောင်း မိုးမိတ်မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက္ခုပ်တန်းရပ်ကွက်က သစ်ဆန်းရုပ်ရှင်ရုံနားက ကလေးခြောက်ယောက်ထိထားတာ။ ဆေးရုံပို့ဖို့ လမ်းကြောမရှင်းသေးတော့ နံရိုးထိတဲ့ကလေးက ဆုံးသွားတယ်။ မီးသင်္ဂြိုဟ်ဖို့လုပ်နေကြတယ်” ဟုပြောသည်။

ထိခိုက်သေဆုံးသွားသူမှာ အသက် ၁၃ နှစ်အရွယ် မောင်စည်သူအောင်ဆိုသူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ်မြို့တွင်းရှိဘုန်းကြီးကျောင်း လေးကျောင်း၊ အာသံကျေးရွာရှိ ဘုန်းကြီးကျောင်းဆောင်များနှင့် နေအိမ်ဆယ်လုံးခန့်ပျက်စီးသွားကြောင်း သူကဆက်ပြောသည်။

“ရွှေဇာလီ(ရပ်ကွက်) ကျောင်းထဲနေရင်း မနေ့နေ့လယ်က နောက်ဆုံးချခဲ့တဲ့ လေယာဉ်ဗုံးနဲ့ထိတာ။ ကျောင်းက လူတွေပုန်းနေတဲ့နေရာနဲ့ ဆယ်ပေလောက်ပဲကွာတယ်။ လူတွေတော့ ဘာမှမဖြစ်ဘူး။ မိုးမိတ်မှာမြို့ပေါ်ဘုန်းကြီးကျောင်း လေးကျာင်းရှိတယ်။ ရွှေဇာလီကျောင်းက ပျက်၊ အာသံရွာ ဘုန်းကြီးကျောင်းလည်း ပျက်စီးတာပဲ” ဟု ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဘုန်းကြီးကျောင်းများမှာ ဗုဗ္ဗာရုံ၊ ရွှေကျောင်း၊ ရွှေကြာပင်၊ ရွှေဂူကျောင်းနှင့် အာသံဘုန်းကြီးကျောင်းများဖြစ်ကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက် ခြောက်နာရီခန့်မှ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မိုးမိတ်မြို့မရဲစခန်းနှင့် မြို့တွင်းကင်းစခန်းများကို KIA ပူးပေါင်းတပ်တို့ ယမန်နေ့က သိမ်းပိုက်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။

သတင်း – Pan Soon
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ