အမျိုးသားတစ်ဦး လမ်းလယ်ပလက်ဖောင်းမှဓာတ်မီးတိုင်ကိုဝင်တိုက်ခဲ့သောကြောင့်သေဆုံးသွားသည့်ဖြစ်စဉ် မြစ်ကြီးနားမြို့တွင် ယမန်နေ့ည ၁၀ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်း၊ မူးယစ်ဖြတ်ဆေးရုံအနီး ဂေါက်ကွင်းအရှေ့ရှိပလက်ဖောင်းကို အမျိုးသားတစ်ဦးတိုက်မိသောကြောင့် ဦးခေါင်းထိကာသွေးထွက်လွန်ပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“မတော်တဆဖြစ်ပြီးသေတာပဲ။ ဂေါက်ကွင်းလမ်းအကွေ့ရောက်တော့ လမ်းလယ်ပလက်ဖောင်းဓာတ်တိုင်ကိုတိုက်ပြီးတော့မှထိမိသွားတာ။ သူတစ်ယောက်ပဲမောင်းလာတာ အရှိန်ပါတယ်ထင်တယ်။ အဲ့မှာရှိတဲ့ဓာတ်မီးတိုင်က မီးသီးတောင်အောက်ကိုကျနေတယ်။ လူကဦးခေါင်းနောက်စေ့ပျော့သွားတယ်။ သွေးလည်းအတော်ထွက်ထားတယ်။ နားထင်ကလည်းကွဲထားတယ်။ ဆိုင်ကယ်ကတော့ ပျက်စီးသွားပြီ ယာဉ်ထိန်းရဲတွေကားနဲ့သယ်သွားတယ်” ဟုပြောသည်။

သေဆုံးသွားသူမှာ ရွှေညောင်ပင်ရပ်ကွက်တွင်နေထိုင်သူ အသက် ၄၁ နှစ်အရွယ် ဦးထွန်းထွန်းဆိုသူဖြစ်ပြီး ရုပ်အလောင်းကိုမြစ်ကြီးနားပြည်သူ့ဆေးရုံရင်ခွဲရုံကိုပို့ဆောင်ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်း ဒေသအခေါ် ဂျပန်တံတားလမ်းရှိ ဇေယျာမင်းဆီဆိုင်ရှေ့တွင်လည်း ဇန်နဝါရီလ ၁၇ ရက်နေ့က ဆိုင်ကယ်ချင်းယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း

 

သင့်ထင်မြင်ချက်ရေးပေးပါ