စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်သောကြောင့် အင်ဂျန်းယန်မြို့နယ်မှ ဒေသခံပြည်သူများ ဆေးကုသမှုခံယူရန် အခက်အခဲကြုံနေရကြောင်း သိရသည်။

စစ်ကောင်စီတပ်က ထွက်ခွာသွားပြီးနောက် မြို့နယ်ဆေးရုံတွင် KIO မှ ဆေးဝန်ထမ်းများ လာရောက်ကုသပေးနေသော်လည်း အင်ဂျန်းယန်မြို့နယ်အတွင်း KIA တပ်ဖွဲ့ဝင်ဝတ်စုံဖြင့်ရှိနေပါက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ဘက်ကလူကြီးတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးတွေနဲ့ သွားတွေ့တဲ့အချိန်မှာ အင်ဂျန်းယန်မြို့နယ်အတွင်း KIA ဘက်ကသူတွေ ဝတ်စုံနဲ့ လှုပ်ရှားနေတာရှိရင်တော့ ဒရုန်းတွေလာမယ်ပြောလို့ KIA တွေလည်း ကျန်းမာရေး၊ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ဟာတွေ လုပ်ကိုင်ဖို့ အခက်တွေ့နေကြတာ။ အခုလည်း ရာသီဥတုကြောင့် ကလေးတွေဖျားကြတယ် KIA တွေလည်းကုပေးပေမဲ့ အခက်အခဲတော့ရှိပါတယ်” ဟုပြောသည်။

အင်းဂျန်းယန်မြို့နယ်ပြည်သူ့ဆေးရုံကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တိုက်ပွဲဖြစ်ပွားချိန် ကျန်းမာရေးဝန်ထမ်းများ ထွက်ခွာသွားသောကြောင့် ပိတ်ထားခဲ့သဖြင့် ဒေသခံပြည်သူများက စစ်တပ်ဆေးခန်းတွင်သာ ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

သို့သော်ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က အင်ဂျန်းယန်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း အင်အား ၈၀ ခန့်က မြစ်ကြီးနားမြို့သို့ ရုတ်တရက် ပြန်သွားသောကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က လိုအပ်သည်များကို လိုက်လံဖြည့်ဆည်းပေးနေခြင်းဖြစ်သည်ဟု ဒေသခံ အခြားအမျိုးသားတစ်ဦးကပြောသည်။

“ဆေးနဲ့ဆိုင်တာကတော့ KIA ဘက်ကဆရာ၊ ဆရာမတွေချပေးထားတာမျိုးတော့ရှိပြီ။ အခုလောလောဆယ်တော့ ကျွန်တော်တို့ဒေသခံတွေကတော့ အဆင်ပြေတာလည်းမဟုတ်ဘူး၊ လုံးဝအဆင်မပြေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့အချင်းချင်း ညှိနိုင်းတိုင်ပင်ပြီး ဒေသအတွင်း လိုအပ်တာတွေလုပ်နေတဲ့ အချိန်ဆိုတော့ အချိန်တန်ရင် အဆင်ပြေလာမယ်လို့တော့ မျှော်လင့်ပါတယ်” ဟုပြောသည်။

ကျောင်းသားဦးရေ ၂၀၀ ခန့်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းကို ၂၀၂၃ – ၂၄ ပညာသင်နှစ်တွင် စစ်ကောင်စီ၏ ပညာရေးစနစ်ဖြင့်သတင်ကြားသွားမည်ဖြစ်ပြီး လာမည့် ၂၀၂၄ – ၂၅ ပညာသင်နှစ်တွင် KIO ၏ ပညာရေးစနစ်ဖြင့် သင်ကြားသွားမည်ဟုသိရကြောင်း ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“ပညာရေးက အရင်ကဆရာမတွေကိုပဲပြန်ခေါ်တော့ အစိုးရကျောင်းနဲ့ပဲပြီးအောင်လုပ်မယ်လို့ကြားရတယ်။ နောက်နှစ်ကနေတော့ KIO အစိုးရပညာရေးနဲ့ပဲလုပ်မယ်လို့သိရတယ်။ ဂွေထော်ကနေအင်ဂျန်းယန်အထိက ရွာကမူလတန်းကျောင်းတွေကရှိတယ် ဖွင့်တော့မဖွင့်ဘူး။ အခုက KIA အစိုးရတွေလာထိုင်ပြီဟုတ်တယ်” ဟုပြောသည်။

အင်ဂျန်းယန်မြို့နယ်ကို ယခုနစ်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် KIA ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ကာ အုပ်ချုပ်ရေးဆိုင်ရာယန္တရားလည်ပတ်နိုင်ရန်အတွက် ရပ်မိရပ်ဖများနှင့်တိုင်ပင်ကာ စတင်အကောင်ထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

အင်ဂျန်းယန်မြို့ပေါ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၈၀ ခန့်ရှိပြီး လူဦးရေ ၄၅၀ ခန့် နေထိုင်ခဲ့သော်လည်း ၂၀၁၈ ခုနစ်တိုက်ပွဲကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်သွားခဲ့ရသဖြင့် လက်ရှိအချိန်တွင် အိမ်ထောင်စု ၇၀ ခန့် လူဦးရေ ၂၀၀ ကျော်ခန့်သာနေထိုင်ကြောင်း ဒေသခံများထံမှသိရသည်။

သတင်း – Dureng, Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ