ဖားကန့်မြို့၊ မက်လင်ဂျောင်ကျေးရွာမှ ရာအိမ်မှူး နေအိမ်မှထွက်သွားပြီးနောက် သုံးရက်ခန့်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

အလုပ်ကိစ္စဖြင့်အပြင်သွားမည်ဟုဆိုကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီခန့်က နေအိမ်မှထွက်သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူက The 74 Media ကိုပြောသည်။

“စိတ်ပူတာပေါ့။ အခုချိန်ထိဘာအဆက်အသွယ်မှမရသေးဘူးလေ။ ဖုန်းက ပထမ စစချင်းခေါ်တော့ဝင်တယ် ကိုင်ပြီးပြန်ချသွားတာ။ နောက်ပြန်ခေါ်တော့ ဖုန်းစက်ကပိတ်လိုက်ပြီ” ဟုသူကပြောသည်။

ပျောက်ဆုံးနေသူမှာ အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဦးရွှေလှိုင်ဦးဆိုသူဖြစ်ပြီး နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်သွားစဉ် အင်္ကျီအဖြူအစင်းကြားဝတ်ဆင်ထားကြောင်း သိရသည်။

ဦးရွှေလှိုင်ဦးပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

ဖားကန့်မြို့၊ ဝှေခါကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့က ဒေသခံပြည်သူ ၃၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင်လည်း လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် စပျစ်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်လင်းတို့ကို နေအိမ်မှ လာရောက်ခေါ်ဆောင်သွားပြီးနောက် သေဆုံးနေသည့် ရုပ်အလောင်းသာပြန်လည်တွေ့ရှိခဲ့သည်။

သတင်း – TG
ဓါတ်ပုံ – ပျောက်ဆုံးနေသည့် ဦးရွှေလှိုင်ဦး

သင့်ထင်မြင်ချက်ရေးပေးပါ