စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ပစ်ချခံခဲ့ရသည့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းဒေသခံများထံမှသိရသည်။

နမ့်ဖတ်ကာကျေးရွာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ – ၁၂၃) ကို ကချင်လွတ်မြောက်ရေးတပ် (KIA) က သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲကအခုလည်း ဆက်လက်ပြင်းထန်နေတယ်။ KIA တွေက တစ်ခါတစ်ခါတော့ သဲကြီးမဲကြီးတိုက်တယ်။ ပြီးတော့ ခဏနားသွားလိုက်လုပ်တယ်။ တိုက်ပွဲဆက်လက်ပြင်းထန်နေတာ ဒီနေ့နဲ့ဆို ၂၁ ရက်မြောက်နေ့ရှိပြီ။ ဒေသခံတွေအားလုံး ထွက်ပြေးသွားလို့ အခုတော့ ထိခိုက်တဲ့သူတွေအများကြီးမရှိတော့ဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန်မှစတင်ကာ နေ့စဉ်လေကြောင်းပစ်ကူနှင့် လေကြောင်းမှရိက္ခာချပေးခြင်းများပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က တိုက်လေယာဉ်တစ်စီး ပစ်ချခံခဲ့ရပြီးနောက် လေကြောင်းပစ်ကူမလာတော့ကြောင်းသူကဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ရက်ပေါင်း ၂၀ အတွင်းအရပ်သား ၉ ဦးသေဆုံးခဲ့ပြီးသက်ကြီးရွယ်အိုများနှင့် အိမ်စောင့်သူအချို့သာ ကျေးရွာအတွင်းကျန်ရှိတော့သည်ဟု သူကဆက်ပြောသည်။

“(သေဆုံး)ကိုးယောက်ရှိပါပြီ။ အနီးစပ်ဆုံးအချက်အလက်ဖြစ်တယ်။ တရုတ်အိမ်မှာ အိမ်စောင့်နေတဲ့ အမည်မသိဧည့်သည် ဗမာလူငယ်နှစ်ဦး အသက်ဆုံးရှုံးသွားပါတယ်။ လက်ရှိကျန်တဲ့ ၁၀ ရာခိုင်နှုန်းကတော့ မထွက်ပြေးချင်တော့တဲ့ သက်ကြီးရွယ်အိုတွေ၊ အိမ်မှာဝက်တွေအများကြီးမွေးတဲ့သူတွေ အစာကျွေးဖို့နဲ့ အိမ်စောင့်နေတဲ့သူတွေပေါ့” ဟုပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံပြည်သူများက လက်ရှိကျေးရွာအတွင်း နေအိမ်စောင့်ရန်နှင့် အိမ်မွေးတိရိစ္ဆာန်များကို စောင့်ရှောက်ရန် အခကြေးငွေပေးကာ လူများငှားရမ်းထားကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ နမ့်ဖတ်ကာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိနီးစပ်ရာတောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေးအတွက်အကူအညီများလိုအပ်နေကြောင်းသိရသည်။

သတင်း – Dureng

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ