ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် ယနေ့နံနက် ၆ နာရီခန့်မှစတင်ပြီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

မိုးမိတ်မြို့၊ ရွှေဇာလီရပ်ကွက်နှင့် အာသံကျေးရွာတို့တွင်ပစ်ခတ်သံများကြားနေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့မီးလောင်ပျက်စီးမှုများရှိသည်ဟု အမည်မဖော်လိုသူ မြို့ခံအမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“မနက်က စပစ်တာ၊ ခုထိပစ်နေကြတယ်။ လေယာဉ်က နှစ်ခေါက်လာပြီ။ တစ်ခါလာရင်သုံးခေါက် အတွဲလိုက်ပစ်ချတာ။ ရွှေဇာလီ(ရပ်ကွက်)မှာ အိမ်ပေါ်တွေလည်းလက်နက်ကြီးကျလို့ မီးလောင်တယ်လို့ ပြောနေကြတယ်။ သေနတ်သံနည်းနည်းတော့ တိတ်သွားပြီး တစ်ချက်တစ်ချက်တော့ ကြားရသေးတယ်” ဟု ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က လေကြောင်းမှခြောက်ကြိမ်ထက်မနည်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့မရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး The 74 Media က ဆက်လက်စုံးစမ်းနေဆဲဖြစ်သည်။

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့က ယခုနှစ် ဇန်နဝါရီလဆန်းမှစတင်တိုက်နေခြင်းဖြစ်သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ