မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောဥယာဉ်လမ်းအနီး စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းနေသည့်အပြင် ဒေသခံများ အနံ့အသက်ဆိုးများ ခံစားနေရကြောင်းသိရသည်။

စီတာပူရပ်ကွက်ရှိ ဒူဝါဇော်ရစ်လမ်း (ဒေသအခေါ်) ဂျပန်လမ်းနှင့် မနောဥယာဉ်လမ်းထောင့်တွင် အိမ်သုံးစွန့်ပစ်အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်မှုများကြောင့် အနံ့ဆိုးများနှင့် မီးခိုးငွေ့များကို နေ့စဉ်ခံစားနေရသည်ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီဘက်လမ်းထိပ်မှာ အမှိုက်တွေသိမ်းပေးနေတဲ့သူတွေရှိနေပေမဲ့ လမ်းတစ်လျှောက်လုံးမှာ ပလတ်စတစ်တွေ အိမ်သုံးစွန့်ပစ်အမှိုက်တွေနဲ့ စုံနေတာပဲ။ တစ်ခါတလေ မီးခိုးငွေ့တွေထွက်ထွက်လာတာ အနံ့က တော်တော်ဆိုးတယ်။ တစ်လမ်းလုံးပြန့်နေတာပဲ လမ်းကြားတွေမှာရောပဲ မြင်လည်းမကောင်း အနံ့လည်းဆိုး လူကကျန်းမာရေးလည်းမကောင်းတော့ ချောင်းကဆိုးနဲ့” ဟုပြောသည်။

အသိပေးဆိုင်းဘုတ်များကပ်ထားသော်လည်း အမှိုက်လာပစ်သူများက သတ်မှတ်ထားသည့်နေရာတွင်မပစ်ဘဲ လမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့စွန့်ပစ်နေကြခြင်းဖြစ်ကြောင်း မနောဥယာဉ်လမ်းအနီးနေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

“သတ်မှတ်ထားတဲ့နေရာကျ မပစ်ဘူး ရောက်တဲ့နေရာချသွားကြတာ ကားပေါ်မတင်ချင်တဲ့ဟာတွေဆို ဟိုဘက်မှာချသွားကြတာ။ တချို့ အနီးအနားကသူတွေဆိုမြင်တယ် မီးကြွင်းမီးကျန်တွေ လာပစ်ကြတာ အဲ့လိုနဲ့အမှိုက်တွေကလောင်ပြီဆိုတော့ ပိုနံပြီလေ။ ဆိုင်းဘုတ်လည်း လုပ်ပါတယ်မထူးပါဘူး ဘယ်သူဘယ်ဝါလက်ချက်မှန်းလည်း ဘယ်သိမလဲ မတတ်နိုင်ပါဘူးလေ” ဟု ပြောသည်။

အဆိုပါအမှိုက်ပုံသည် မနောဥယာဉ်လမ်းပေါ်တွင် ပေ ၁၅၀၀ ခန့်ရှည်လျားပြီး ဂျပန်လမ်းထောင့်မှ Green Brid စားသောက်ဆိုင်အနီးအထိ ပြန့်ကျဲနေကာ စီတာပူရပ်ကွက်တွင် နေထိုင်သူများအပြင် အခြားရပ်ကွက်များမှလည်း အမှိုက်လာရောက်စွန့်ပစ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ကချင်အမျိုးသားအားကစားကွင်း (ဒေသအခေါ်) နောင်ရာပါကွင်းတွင်လည်း လာရောက်အနာယူအပန်းဖြေကြသူများက စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ကွင်းပြင်တစ်ပြင်လုံး အမှိုက်များညစ်ပတ်ပြန့်ကျဲနေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အဲ့နားက အမှိုက်ပုံကြီးကဆိုးနေပါတယ်ဆိုမှ နောင်ရာပါမှာ လာနားကြတဲ့သူတွေကလည်း ပြောချင်တာက အားလုံးနားကြတဲ့နေရာပဲလေ အလိုက်သသိနဲ့ နေသင့်တယ်လို့ထင်တယ် အဲ့မှာစား အဲ့မှာသောက်ပြီး အဲ့မှာပုံခဲ့ကြတာ။ အခုနောက်ပိုင်းပိုဆိုးလာတာ တစ်ကွင်းပြင်လုံးဖြူဖွေးနေတာပဲအမှိုက်တွေက” ဟုပြောသည်။

နောင်ရာပါကွင်းတွင် ပလတ်စတစ်အမှိုက်များအပြင် စားကြွင်းစားကျန်များ၊ ရိုက်ခွဲထားသည့် ပုလင်းကွဲများ ပြန့်ကျဲနေပြီး လာရောက်အပန်းဖြေသူများကလည်း အမှိုက်များကို ပြန်လည်သိမ်းဆည်းသွားခြင်း မရှိကြောင်းသိရသည်။

ထိုသို့ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များကြောင့် အနီးတစ်ဝိုက်ပတ်ဝန်းကျင်တွင် နေထိုင်သည့် ဒေသခံပြည်သူများက ကျန်းမာရေးထိခိုက်လာမည်ကို စိုးရိမ်နေကြပြီး သတ်မှတ်ထားသော နေရာတွင်သာ အမှိုက်စွန့်ပစ်စေလိုကြောင်း ဒေသခံပြည်သူများကပြောသည်။

အဆိုပါနေရာတွင် အိမ်သုံးစွန့်ပစ်ပစ္စည်းများကိုသာ တစ်နေ့လျှင်နှစ်ကြိမ်နှုန်းဖြင့် လာရောက်သိမ်းဆည်းကာ နန်ကျင်ကျေးရွာရှိ အမှိုက်ပုံသို့ သွားရောက်စွန့်ပစ်ပေးနေကြောင်း သိရသည်။

သတင်း – Zami

ပုံ – စီတာပူရပ်ကွက်ရှိ ဒူဝါဇော်ရစ်လမ်းနှင့် မနောဥယာဉ်လမ်းထောင့်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ထားမှုကို ဇန်နဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။

 

သင့်ထင်မြင်ချက်ရေးပေးပါ