မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်နှင့် ရမ်ပူရပ်ကွက်ကြားတွင် ယနေ့ည ၇ နာရီခန့်က ကားတစ်စီးက ဆိုင်ကယ်သုံးစီးကို ဆင့်တိုက်ခဲ့သောကြောင့် အမျိုးသားတစ်ဦး ဦးခေါင်းတွင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

လင်ခရူဇာအမျိုးအစား ကားအဖြူရောင်တစ်စီးက လူနှစ်ဦးစီးနင်းလာသော ဘက်ထရီဆိုင်ကယ်ကို တိုက်ပြီးမောင်းပြေးရာ နောက်ထပ်ဆိုင်ကယ်နှစ်စီးကို ထပ်မံတိုက်သွားခဲ့ခြင်းဖြစ်သည်ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ကယ်နှစ်စီးက တစ်ယောက်စီပဲစီးတာ။ ဘက်ထရီဆိုင်ကယ်နဲ့က နှစ်ယောက်စီးလာတာ တစ်ယောက်က ဦးခေါင်းခွံပွင့်လန်သွားတာ ဦးနှောက်ထွက်တာတော့မရှိဘူး သတိတော့ရတယ်။ လူနာကတော့ အတော်လည်းစိုးရိမ်ရတယ်။ တခြားသူတွေက ပွန်းပဲ့ဒဏ်ရာလောက်ပဲ” ဟုပြောသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသက် ၂၃ နှစ်ခန့်အရွယ်ရှိ မောင်ရဝေအောင်ကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ဆိုင်ကယ်သုံးစီးကို ဆင့်တိုက်ခဲ့သည့် လင်ခရူဇာယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်း ဒေသအခေါ် ဂျပန်တံတားလမ်းရှိ ဇေယျာမင်းဆီဆိုင်ရှေ့တွင်လည်း ယနေ့ညနေ ၄ နာရီအချိန်ခန့်က ဆိုင်ကယ်ချင်းယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးနေရာတွင် သေဆုံးခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ