တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ကလေး – တီးတိန်လမ်းမကြီးပေါ်ရှိ အဆိုပါတပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ချိန်တွင် ဗိုလ်ကြီးနှစ်ဦးအပါအဝင် စခန်းအတွင်းကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးသေဆုံးခဲ့သည်ဟု CDF CDM Siyin စစ်ရေးတာဝန်ခံက The 74 Media ကို ပြောသည်။

“ကျွန်တော်တို့က တစ်လလုံးလုံးသူတို့ကို ဖြတ်လေးဖြတ်နဲ့ ဖြတ်ထားတာလေ။ အောက်လည်းဆင်းလို့မရ အပေါ်လည်းတက်လို့မရ ရေတွေလည်းအကုန်ဖြတ်တောက်ပြီးတော့ ဘေးပတ်လည်မှာ အကုန်လုံး စောင့်ကြည့်တာ။ အဲဒါတောင်မှ လက်နက်မချကြဘူး။ သုံးပွင့်နဲ့ ဗိုလ်ကြီးနှစ်ယောက်တော့ ရှိတယ်ဗျ။ သူတို့ရာထူးတော့ အတိအကျမသိဘူး” ဟုဆိုသည်။

ငါးရက်ခန့်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ အကြိမ် ၁၀၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး CDF တပ်ဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့ကြောင်း သူကဆက်ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ ပထမရက်ကနေ လေကြောင်းနဲ့နှစ်ခေါက် သုံးခေါက်လာတယ်။ ပြီးတော့ လက်နက်ကြီးကတော့ ကလေးတက္ကသိုလ်ဝင်းထဲကနေ ၁၂၀ လက်နက်ကြီးနဲ့ အလုံး ၁၀၀ ကျော်လောက် ပစ်တယ်ဗျ” ဟုဆိုသည်။

၆၀ မမ စိန်ပြောင်းတစ်လက်၊ RPG 7 တစ်လက်၊ G-3 ၁၇ လက်၊ MA-1 ခြောက်လက်၊ အူဇီနှစ်လက်၊ စက်သေနတ်များနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးနောက် ထိုစခန်းကို ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးလိုက်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စခန်းလက်လွတ်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်က စခန်းကိုပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် ကလေးမြို့မှ အင်အား ၆၀ ခန့်ဖြင့် သိုင်းငင်းကျေးရွာဘက်သို့ စစ်ကြောင်းတက်လာနေကြောင်း သိရသည်။

သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းအချိန်တွင်အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – The Chin Journal

သင့်ထင်မြင်ချက်ရေးပေးပါ