ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေသောကြောင့်ဟုဆိုကာ မြစ်ကြီးနား – ဖားကန့်လမ်းကိုပိတ်ထားသည်မှာ သုံးရက်ခန့်ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။

ကာမိုင်းမြို့အနီးတပ်စွဲထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်ကာ ပိတ်ထားခြင်းဖြစ်ပြီး ယနေ့အထိပြန်လည်ဖွင့်ပေးခြင်းမရှိသေးကြောင်း အသက် လေးဆယ်ကျော်အရွယ် ကာမိုင်းဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“နန့်တိန်း(ရွာ)ဘက်ကားလမ်းပိတ်လိုက်တော့ ကားမိုင်းပါတခါတည်း ပိတ်လိုက်တာဟုတ်တယ်။ အတက်ရော အဆင်းရော နှစ်ခုလုံးမရဘူး။ လက်နက်သံမကြားရတာတော့ နှစ်ရက်လောက်ရှိနေပြီ” ဟုပြောသည်။

မြစ်ကြီးနား – ဖားကန့်လမ်းရှိ နန့်တိန်းကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က ပိတ်ထားခြင်းဖြစ်ပြီး ကာမိုင်းမြို့အနီးတွင် စစ်ကောင်စီတပ်ကပိတ်ထားခြင်းဖြစ်သည်။

ရက်အကန့်အသတ်မရှိ လမ်းပိတ်ထားခြင်းဖြစ်ပြီး မည်သည့်နေ့တွင် လမ်းပြန်ဖွင့်မည်ကို မသိသောကြောင့် ခရီးသွားပြည်သူများအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ယာဉ်မောင်းတစ်ဦးကဆက်ပြောသည်။

“ဘယ်ချိန်ပြန်ဖွင့်ပေးမလဲ ခုထိမသိရသေးဘူး။ ကြားနေရတာတော့ ရက်အကန့်အသတ်မရှိပိတ်မယ်လို့ပြောတယ်။ မြန်မြန်ဖွင့်မှပဲ အဆင်ပြေမယ်မဟုတ်ရင် အကုန်ဒုက္ခရောက်ကုန်မယ် “ဟုသူကပြောသည်။

လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားတွင် တပ်စွဲထားပြီး ခရီးသည်တင်ကားများနှင့် လမ်းသွားလမ်းလာပြည်သူများကို ဥပဒေမဲ့ဂိတ်ကြေးကောက်ခံနေသည့် စစ်ကောင်စီဂိတ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင် နှစ်သစ်မှစတင်ပြီး KIA ပူးပေါင်းတပ်က ဝှေခါကျေးရွာနှင့် နန့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တပြိုင်နက်တိုက်ခိုက်ပြီးနောက် စစ်ရေးတင်းမာနေသည်။

သတင်း – Pe Ti

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ