မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ယနေ့ ညနေ ၄ နာရီခန့်က ဆိုင်ကယ်ချင်း ယာဉ်တိုက်မှုဖြစ်ရာမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒူဝါဇော်ရစ်လမ်း ဒေသအခေါ် ဂျပန်လမ်းရှိ ဇေယျာမင်းစက်သုံးဆီဆိုင်ရှေ့တွင် ဆိုင်ကယ်ချင်း တိုက်မိခဲ့ပြီး အမျိုးသမီးတစ်ဦး နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ပွဲချင်းပြီးသေဆုံးသွားတဲ့အမျိုးသမီးက အရက်သောက်ထားတာတွေ့ရတယ်။ သူက တစ်ဖက်ယာဉ်ကို ဝင်တိုက်ပြီးဖြစ်တာတဲ့ တွေ့တဲ့သူတွေက ပြန်ပြောပြတာပေါ့ ဒါကတော့။ အခုတော့ရင်ခွဲရုံပို့ထားတယ် မိသားစုနဲ့တော့ အဆက်အသွယ်မရသေးဘူး” ဟုပြောသည်။

သေဆုံးသူမှာ အသက် (၃၉) နှစ်ခန့်အရွယ်ရှိ ဒေါ်ဂျာနူးဆိုသူဖြစ်ပြီး တပ်ကုန်းရပ်ကွက် စံပြတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

ဒေါ်ဂျာနူးမှာ လက်ကျိုး၊ မေးရိုးကျိုးကာ နားနှင့် နှာခေါင်းမှ သွေးများထွက်နေသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

“မျက်နှာချင်းဆိုင်တိုက်တာ အမျိုးသမီးစီးလာတဲ့ဆိုင်ကယ်က အကုန်ပျက်စီးသွားတယ် အမျိုးသားနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်က အများကြီးတော့ မပျက်ဘူး။ အမျိုးသမီးက နှာခေါင်းကနေသွေးတွေထွက်ပြီး ခေါင်းနောက်ဘက်အခြမ်းထိတယ် သွေးတွေအိုင်နေတာပဲ။ ယောက်ျားတစ်ယောက်ကဘာမှမဖြစ်ဘူး” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူကိုလည်း မြစ်ကြီးနားပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်းမကြီးတွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က လမ်းဘေးတွင် လမ်းလျောက်နေသည့် အမျိုသားတစ်ဦးကို ဆိုင်ကယ်တစ်စီးဖြင့် ဝင်တိုက်ခဲ့သဖြင့် သွားလေးချောင်းကျိုးသည့် ဒဏ်ရာရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ