သုံးရက်အတွင်း စစ်ကောင်စီတပ်၏ တင့်ကားနှစ်စီးနှင့် သံချပ်ကာကားတစ်စီးတို့ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့နေစွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

မုန်းမြို့နယ် (မူးမြို့နယ်) နတ်သံကွင်းမြို့နှင့် ပဲနွယ်ကုန်းမြို့သို့ စစ်ကူရန်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလ ၄ မှ ၆ ရက်နေ့အထိ စုစုပေါင်းတင့်ကားဖျက်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တင့်ကားဖျက်မိုင်းများဖြင့် မိုင်းထောင်တိုက်ခိုက်မှုတွင် တင့်ကားတစ်စီးမှာ ပက်လက်လှန်ကာ အရှေ့ပိုင်းတစ်ခုလုံး ပျက်စီးသွားကြောင်းသိရပြီး ထိခိုက်ပျက်စီးခဲ့သည့် တင့်ကားများကို စစ်ကောင်စီက ကရိန်းကားများဖြင့် လာရောက်ဆွဲယူသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နတ်သံကွင်းမြို့၊ ညောင်ဝိုင်းကျေးရွာအနီးတွင်လည်း မိုင်းထိကာ လမ်းဘေးတွင်ထိုးကျနေသော စစ်ကောင်စီ၏ တင့်ကားပျက်တစ်စီးရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူလေးအုပ်ချုပ်ရေးနယ်မြေတွင် နေ့စဉ်ရက်ဆက် တိုက်ပွဲများပြင်းထန်နေပြီး လုံခြုံရေးအရ သတင်းများကို အချိန်နှင့်တပြေးညီ မထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်းလည်း အသိပေးထားသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ