ကချင်ပြည်နယ်အတွင်းရှိ မြို့အချို့တွင် အမျိုး၊ ဘာသာ၊ သာသနာအမည်ခံ စစ်ကောင်စီထောက်ခံသောလူတစ်စုက ယခုရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်ပွဲများဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူကာ ယနေ့နံနက် ၈ နာရီခန့်က မိုးကောင်းမြို့တွင်ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါဝင်သူများမှာတပ်မိသားစုဝင်များနှင့် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည်ဟု လုံခြုံရေးကြောင့်အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“စစ်တပ်က လူတွေပဲပါတာ။ မြို့တော်ခန်းမမှာလူစုပြီး မိုးကောင်းမြို့ကိုပတ်တာပေါ့။ သူတို့အပေါ်ကနေလည်း ဒရုန်းတွေနဲ့ပျံပြီးတော့ လုံခြုံရေးလိုက်တယ်ပေါ့နော်။ ဘေးပတ်ပတ်လည်လည်း အကုန်စစ်သားတွေပါတယ်။ ပြီးတော့ စစ်သေနတ်ကား(စက်သေနတ်တင်ထားသောကား)တွေပါ ပါတယ်။ အကြမ်းဖက်အုပ်စုကို ဖမ်းဆီးပေးရေးပေါ့။ တပ်မတော်ကိုထောက်ခံပါတယ် အဲဒီလိုမျိုးတွေ အော်သွားတာ” ဟုဆိုသည်။

ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားရာ ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့်သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲဟုဆိုကာ မိုးကောင်းမြို့နှင့် မိုးညှင်းမြို့တို့တွင် စစ်တပ်ထောက်ခံသည့်လူတစ်စုမှ စုဝေး လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူဆန္ဒထုတ်ဖော်ပွဲကို မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးတွင်လည်း ယမန်နေ့ကပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်မြို့ပြီးတစ်မြို့ လက်လွတ်ဆုံးရှုံးနေရသောကြောင့် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) များကို ပွဲထုတ်ကာ ဆူပူအောင်ပြုလုပ်နေခြင်းဖြစ်ကြောင်းနိုင်ငံရေးလေ့လာသုံးသပ်သူများကဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က ဘုရားစေတီပုထိုးများနှင့် ဘာသာရေးအဆောက်အအုံပေါင်းများစွာကို လက်နက်ကြီးနှင့ လေကြောင်းမှပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့သကဲ့သို့ နိုင်ငံတစ်ဝှမ်းရှိ ဘာသာရေးအဆောက်အအုံပေါင်း ၁၁၀ ထက်မနည်းကို ဝင်ရောက်စခန်းချခြင်းနှင့် တပ်စခန်းများအဖြစ် အသုံးပြုခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဇွန်လကုန်ပိုင်းကထုတ်ပြန်သည့် ICJ ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

သတင်း – Thu Ta

 

 

သင့်ထင်မြင်ချက်ရေးပေးပါ