မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ ဦးရွှေမင်း၏ နေအိမ်တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန် ပြည်သူ့စစ်တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လီဆူလူမျိုးများကို ပြည်သူ့စစ်ထဲဝင်ရန် အတင်းအဓမ္မဖမ်းဆီးမှုများပိုမိုပြုလုပ်လာသောကြောင့် သတိပေးသည့်အနေဖြင့် လက်ပစ်ဗုံးနှစ်လုံးနှင့် လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြေအောက်လှုပ်ရှားသူများ (UG) အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“ဦးရွှေမင်းရဲ့ လက်လွတ်စပယ်လုပ်ရပ်တွေ၊ တရားလက်လွတ်ဖမ်းဆီးတာတွေကို ဒီထက်မဆိုးဝါးလာအောင် ပြည်သူတွေရဲ့ တောင်းဆိုမှုအရလုပ်လိုက်ခြင်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ လူပုဂ္ဂိုလ်အရ အမြင်မတူညီခြင်းအရ လုပ်တာမဟုတ်ဘူး။ သူ့လုပ်ရပ်တွေ အဲ့ထက်ဆိုးလာပါက ပြည်သူ့စစ်စခန်းတွေနဲ့ ဌာနချုပ်တွေကို တိုက်ခိုက်တဲ့အထိဖြစ်လာနိုင်တယ်” ဟုပြောသည်။
ယမန်နေ့ည ၇ နာရီခန့် ပစ်ခတ်တိုက်ခိုက်ခံရချိန် ပြည်သူ့စစ်တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ယနေ့တွင် အခင်းဖြစ်ပွားခဲ့သည့် အိမ်အနီးတစ်ဝိုက်လုံခြုံရေးတင်းကြပ်ထားကြောင်း ရပ်ကွက်‌နေ ဒေသခံပြည်သူတစ်ဦးကပြောသည်။
“ပစ်ရင်းနဲ့ထိသွားတာ သူတို့အားလုံးကတော့အဲ့မှာကင်းစောင့်တဲ့သူတွေပဲဟုတ်တယ်။ သူတို့ပြည်သူ့စစ်တွေပဲ ရွှေမင်းရဲ့လူတွေပဲ ဟုတ်တယ်။ သူ့ရုံးနဲ့ အိမ်ကအတူတူပဲလေ၊ ရှေ့မှာက ဆိုင်ခန်းလေးပုံစံလုပ်ပြီးတော့ ရုံးထောင်ထားတာဟုတ်တယ်။ အိမ်လို့ပြောလို့ရသလို ရုံးလို့လည်းပြောလို့ရတာပေါ့ကွာ”ဟုပြောသည်။
အဆိုပါဖြစ်စဉ်တွင် ကားဂိုဒေါင်မျက်နှာကျက်နှင့် ရပ်ထားသည့် ကားနောက်မှန်များပျက်စီးခဲ့ပြီး အိမ်အနောက်ဘက်မြေကွက်လပ်တွင် ၄၀ မမ ဗုံးသီးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင်ရေးသားဖော်ပြထားသည်။
ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ဝိုင်းမော်မြို့နယ်တွင် နေထိုင်သည့် လီဆူလူမျိုးစုများကို အမျိုးသမီးများအပါအဝင် အဓမ္မလူသစ်စုဆောင်မှုများပြုလုပ်နေသောကြောင့် ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ဝိုင်းမော်မြို့နယ်၊ နောင်စီပေါကျေးရွာနေ ဒေသခံပြည်သူ ခုနှစ်ဦးကိုလည်း ပြီးခဲ့သည် ဇန်နဝါရီလ ၁၂ ရက်နေ့က ဦးရွှေမင်းပြည်သူ့စစ်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
သတင်း – Dureng
သင့်ထင်မြင်ချက်ရေးပေးပါ