မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းကြီးကျောင်းတစ်ခုမှတစ်ခုသို့ပြောင်းရွှေ့ကာ ဇာတ်ပွဲအကြောင်းပြ လောင်းကစားဝိုင်းများဖွင့်လှစ်နေပြီး နံနက် ၄ နာရီခွဲခန့်အထိ ဆူညံနေသောကြောင့်အနီးအနားရှိ ဒေသခံများ စိတ်အနှောက်အယှက် ဖြစ်နေရကြောင်းသိရသည်။

လယ်ကုန်းရပ်ကွက်၊ နယ်မြေ ၁၄ ရှိ မြင့်ငြိမ်းအေးဘုန်းကြီးကျောင်းတွင် ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်ကာ ဇာတ်ပွဲနှင့် လောင်းကစားရုံမှအသံများက ညလုံးပေါက်ဆူညံနေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“သူတို့ကအဓိက လောင်းကစားရုံတွေလုပ်ဖို့အတွက် ဒီဇာတ်ပွဲတွေဌားပြီးတော့လုပ်တာလေ။ ညဆိုလည်းတစ်ညလုံး အိပ်လို့မရဘူး။ ဇာတ်ပွဲဆိုတာလည်းအဖြစ်ပဲ နာမည်ကြီးတဲ့ဇာတ်အဖွဲ့မဟုတ်ဘဲ ကီးဘုတ်တစ်လုံးနဲ့ အသားကုန် အော်ဟစ်ပြီးတော့မှလုပ်တဲ့ အဲဒါမျိုးတွေ။ ပွဲကြည့်တဲ့သူလည်းရှိတာမဟုတ်ဘူး အဓိကလုပ်ချင်တာတော့ ပွဲပြပြီးတော့ လောင်းကစားပေါ့” ဟုဆိုသည်။

အဆိုပါလောင်းကစားဝိုင်းများကြောင့် ခိုးဆိုးလုယက်မှုများဖြစ်ပွားလာသဖြင့် ရပ်ကွက်အတွင်း မငြိမ်းမချမ်းဖြစ်မည်ကိုစိုးရိမ်ကြောင်း သူကဆက်ပြောသည်။

ဇာတ်ပွဲကခြင်းနှင့် သီချင်းသီဆိုခြင်းကို နေ့စဉ် ညနေ ၆ နာရီမှစတင်ကာ နောက်တစ်နေ့ နံနက် ၄ နာရီခွဲအချိန်ထိ ပြုလုပ်နေသောကြောင့် ဘုန်းကြီးကျောင်းအနီးပတ်ဝန်းကျင်တွင်နေထိုင်သည့် အသက်ကြီးရွယ်အိုများနှင့် ဒေသခံများက စိတ်အနှောက်အယှက်ဖြစ်နေရကြောင်း ပြည်ငြိမ်းအေးဘုန်းကြီးကျောင်းအနီးတွင်နေထိုင်သည့် သက်ကြီးရွယ်အို အမျိုးသားတစ်ဦးက ပြောသည်။

“ဒီဘောက်သံ အသံချဲ့စက်အသံက ရပ်ကွက်ထဲမှာ မြေကြီးလည်းတုန် လူလည်း၊ အသည်းလည်းတုန် ဖြစ်နေတယ်။ မနေ့ကဆိုလည်း ပွဲခင်းနဲ့တစ်ခြံကျော်လောက်က ရင်ကြပ်ရောဂါရှိတဲ့ အမျိုးသားတစ်ဦးလည်း ဆုံးသွားတယ်။ ကျွန်တော်တို့ဆိုလည်း ဒီညနေ ၆ နာရီထိုးမှာကိုကြောက်နေရတယ်” ဟုပြောသည်။

မြစ်ကြီးနားမြို့တွင် လက်ရှိအချိန်ထိ စစ်ကောင်စီကထုတ်ပြန်ထားသည့် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်မှာ အသက်ဝင်နေဆဲဖြစ်သော်လည်း ဇာတ်ပွဲများနှင့် လောင်းကစားဝိုင်းများမှာ ကာဖျူးအမိန့် ထုတ်ပြန်ထားသည့် အချိန်အတွင်း ပြုလုပ်နေခြင်းဖြစ်သည်။

ဘုရားဂေါပကနှင့် ဘုန်းကြီးများပူးပေါင်းကာ ပြုလုပ်သည့်ပွဲဖြစ်ပြီး ခွင့်ပြုချက်တောင်းခံကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အချိန်တွင် ဘုန်းကြီးကျောင်းပြင်ပသို့မထွက်ဘဲ ကျောင်ဝန်းအတွင်းသာပြုလုပ်ရန် ပွဲစီစဉ်သူများက တာဝန်ယူမည်ဟုပြောဆိုထားကြောင်း လယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့လုံခြုံရေးနဲ့ တာဝန်ယူပါ့မယ်ဆိုတဲ့ ကတိကဝတ်နဲ့လုပ်ကြတာထင်တယ်။ ပွဲမိန့်တောင်းတဲ့အချိန်မှာတော့ သူတို့ချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီလုပ်ပါမယ်ဆိုပြီးတော့ ပွဲမိန့်တောင်းထားတာဟုတ်တယ်။ ကျွန်တော်တို့လည်း သွားမကြည့်တော့ဘူးလေ။ အခုအချိန်မှာတော့ လောင်းကစားပါတာတော့ မကောင်းဘူးပေါ့လေ” ဟုဆိုသည်။

ထိုဇာတ်ပွဲမှာ လယ်ကုန်းရပ်ကွက်တွင် ဒုတိယအကြိမ်မြောက်လာရောက်ပြုလုပ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ မြစ်ကြီးနားမြို့ရှိ ကြက်ပေါင်ခြံရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့် အောင်ဇေယျာအောင်ဘုန်းကြီးကျောင်းတို့တွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ