တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးကို ယနေ့ နေ့လယ် ၁၂ နာရီခန့်ကပစ်ချခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေချိန် ပစ်ချခဲ့ခြင်းဖြစ်ပြီး နမ့်ဖတ်ကာကျေးရွာ၏ ဒေသအခေါ် မနောင်ယာန် (Manau Yang) ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု အမည်မဖော်လိုသူ KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဂျက်ဖိုက်တာတစ်စီး နိမ့်နိမ့်လေး ပျံလာတဲ့အချိန် KIA တပ်ဖွဲ့ဝင်တွေ ပစ်ချလိုက်တာပေါ့။ နမ့်ဖတ်ကာ မနောင်ယာန်လို့ ခေါ်တဲ့နေရာမှာ ကျပြီးပေါက်ကွဲသွားတယ်လို့ ပြောတယ်။ အဲ့ဖက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတော့ နေ့တိုင်းပဲ။ ဒီနေ့လည်း ဗုံးကြဲနေတဲ့အချိန် ပစ်ချလိုက်နိုင်တာပေါ့” ဟု ပြောသည်။

တိုက်လေယာဉ်ပစ်ချမှုနှင့်ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မှန်ကန်ကြောင်း The 74 Media ကို အတည်ပြုပြောဆိုသည်။

“နမ့်ဖတ်ကာရွာမှာ ဒီနေ့ ၁၂ နာရီဝန်းကျင်မှာ (Jet Fighter) တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရတယ်။ နမ့်ဖတ်ကာရွာဘေးမှာ ပျက်ကျသွားတယ်လို့ပြောတယ်။ လိုင်းမရှိလို့ ဘယ်လိုတိုက်လေယာဉ်အမျိုးအစားကိုတော့ မသိရသေးဘူး။ ပစ်ချနိုင်ခဲ့တာတော့ သေချာတယ်” ဟုပြောသည်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီ ရဲစခန်း၊ ခြေလျင်တပ်ရင်း ခလရ (၁၂၃) နှင့် တခြားတပ်စခန်းနှစ်ခုအပါအဝင် လေးနေရာကို KIA တပ်က ၁၇ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၅ ရက်နေ့ကသိမ်းပိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ထောက်ပို့ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချခဲ့သောကြောင့် လေယာဉ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ