ဖုန်းအသုံးပြုရင်း အားသွင်းစဉ် မီးလောင်ပေါက်ကွဲသဖြင့် ယမန်နေ့ည ၈ နာရီခန့်က မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး အခြားနှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အပူလွန်ကဲကာ ဖုန်းပေါက်ကွဲခဲ့သဖြင့် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး အနီးရှိ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက The 74 Media ကိုပြောသည်။

“နှစ်ထပ်အိမ်အပေါ်ကအခန်းမှာဖြစ်တာတဲ့ အုံးဆိုတဲ့အသံအကျယ်ကြီးကြားလိုက်လို့ အော်နေတဲ့အသံ ကြားလိုက်ပြီးတက်ကြည့်တော့ ဖုန်းပေါက်ကွဲပြီးဖြစ်တာတဲ့။ လောင်သွားတာက ခြေ၊ လက်၊ တင်၊ ရင်ဘက်၊ ခြေဖဝါးတွေရော ကျောတွေရော ဗိုက်တွေရောတစ်ကိုယ်လုံးပဲ။ သွေးထွက်ပြီးပေါက်တာက ငယ်ထိပ်နေရာနဲ့ ဒူးခေါင်းအထက်မှာ” ဟုပြောသည်။

မီးလောင်ပေါက်ကွဲခဲ့သည့် ဖုန်းအမျိုးအစားနှင့် မည်မျှကြာသည်အထိ ဖုန်းအားသွင်းထားသည်ကို မသိရှိကြောင်း သူကဆိုသည်။

မီးလောင်ဒဏ်ရာရရှိခဲ့သူမှာ အသက် ၄၃ နှစ်ခန့်အရွယ်ရှိ ဦးမင်းဦးဆိုသူဖြစ်ပြီး လက်ရှိမြစ်ကြီးနား ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင်လည်း ယမန်နေ့က လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ ဆိုင်ခန်းတစ်ခန်းနှင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ