မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့်ခေမာသီရိရပ်ကွက်တို့တွင် ယနေ့ည ခုနှစ်နာရီခန့်က လက်နက်ကြီးသံနှင့် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်းသိရသည်။

လက်နက်ကြီးသံ ငါးကြိမ်ထက်မနည်းကြားရပြီး သေနတ်သံလည်း ဆက်တိုက်ကြားရကြောင်း အောင်နန်းရပ်ကွက်နေသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပထမ တစ်ချက်ကတော့ပိုကျယ်တယ်ပြီးတော့နောက်မှ လက်နက်ကြီးဆက်တိုက်ဆက်တိုက်ကြားရတာ၊ အခုတော့တိတ်သွားပြီ ခဏလေးပဲကြားရတာ။ အောင်နန်းအကျော်က အမှတ် ၂ ရဲစခန်းကိုပစ်တယ်လို့တော့ကြားတယ်။ သေနတ်သံဆက်တိုက်ကြားရတာကတော့ ခေမာသီရိဘက်ကဟုတ်မယ်ထင်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်သောနေရာအနီးရှိ ဒေသခံများ၏ နေအိမ်များလာရောက်စစ်ဆေးမည်ကို စိုးရိမ်နေကြောင်း ရမ်ပူရပ်ကွက်နေပြည်သူတစ်ဦးကက်ပြောသည်။

“အမှတ် ၂ ရဲစခန်းအနီးမှာပြီးတော့ ခေမာသီရိခရိုင်ရုံးမှာလည်းကြားရတယ်။ မိနစ်မခြားတဲ့အချိန် လမ်းသွယ် ၁၃ ဒူလေးပါတီရုံးအနီးမှာလည်း အသံကြားရတယ်တဲ့။ ဒူးလေးပါတီရုံးအနီးမှာပေါက်ကွဲတဲ့အချိန်တော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ကြားတယ်။ အဲ့နားကပြည်သူတွေကတော့ ရမ်းသမ်းပြီးလာပစ်မလား၊ အိမ်တွေကို စစ်ဆေးမေးမြန်းတာတွေလုပ်မလားလို့ ကြောက်နေကြတယ်” ဟုပြောသည်။

The 74 Media က ပေါက်ကွဲမှု၊ ပစ်ခတ်မှုဖြစ်ပွါးခဲ့သည့်နေရာနှင့် လူထိခိုက်မှု ရှိ၊ မရှိ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသောကားတစ်စီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ