မြစ်ကြီးနားမြို့တွင် ပ.လ.န ကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများ လူမြင်ကွင်းတွင်ပြုလုပ်နေပြီး ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများမရှိကြောင်းဒေသခံများထံမှသိရသည်။

ပ.လ.နကျေးရွာအုပ်စုရှိ ထိုင်တော်မူဘုရားအရှေ့ အင်ခိုင်ဘွမ်တောင်သွားရာလမ်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများကြောင့် လုယက်မှုများ မကြာခဏဖြစ်ပေါ်နေကာ ဒေသခံများသွားလာရန်ပင်ကြောက်ရွံ့နေကြောင်း နောင်နန်းကျေးရွာဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပ.လ.နတစ်လျှောက်ဟုတ်တယ်။ အမှတ် (၃) အမှတ်(၅) အဲ့ဘက်တွေမှာလမ်းပေါ်ချိန်းယူပြီး အဲ့မှာကိုသုံးတာလည်းရှိတယ်။ ထိုင်တော်မူဘုရားညာဘက်လမ်း အင်ခိုင်ဘွမ်စေတီသွားလမ်းအဝင် ခဏသွားရင်ရောက်တဲ့နေရာ။ ညာဘက်မှာတဲစုတ်တစ်ခုရှိတယ်။ အဲ့မှာသုံးကြတယ်။ အဲ့လမ်းတစ်လျှောက် ရော်ဘာခြံတွေမှာဝယ်ယူပြီးသုံးကြတယ်။ သာမန်ပြည်သူတွေတောင်သွားလာဖို့ကြောက်ရတယ်” ဟုပြောသည်။

မြစ်ကြီးနားမြို့မှ မူးယစ်ဆေးဝါးသုံးစွဲသူများလည်း ပ.လ.န ကျေးရွာအုပ်စုတွင် လာရောက်ဝယ်ယူသုံးစွဲနေကြောင်း နောင်နန်းအုပ်စုရှိ ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောသည်။

“ဖမ်းမိလာရင်ဘယ်ကဝယ်ယူလဲဆိုရင် ပ.လ.န ပြီးရင် ရမ်ပူဘက်ကလို့ပြောတာများတယ်။ ဒီလိုဆေးသမားများလာလို့ ကျေးရွာတွေမှာ ဆိုင်ကယ်ပျောက်၊ ဖုန်းပျောက်၊ ပိုက်ဆံအိတ်ပျောက်၊ အခုက ခိုးတာတောင်မကတော့ဘူး။ ဖုန်းတွေပိုက်ဆံအိတ်တွေလမ်းမပေါ် ပေါ်တင်လုလာတယ်။ အရင်ကဂျော်ဘွမ်နောက်ဘက်တွေမှာ ဆိုင်ကယ်လုတာတွေလည်းခဏခဏဖြစ်တယ်” ဟုပြောသည်။

အာဏာသိမ်းပြီးနောက် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများပြားနေသော်လည်း ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်းမတွေ့ရကြောင်း ဒေသခံများထံမှသိရသည်။

The 74 Media ၏ စုံစမ်းမှုအရ မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးရောင်းသုံးစွဲမှုအများဆုံးရပ်ကွက်များမှာ ရမ်ပူရပ်ကွက်၊ ပ.လ.န ကျေးရွာအုပ်စုတို့ဖြစ်ကြောင်း မူးယစ်ဆေးဝါးသုံးစွဲသူများကဆိုသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ