ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်တွင် တပ်သားသစ် စုဆောင်းမှုများလာသောကြောင့် ကျေးရွာအချို့မှဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

နောင်စီပေါကျေးရွာနှင့် ခါးရှီကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီခန့်က ပြည်သူ့စစ်တပ်ဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်က လက်နက်အပြည့်အစုံဖြင့် ကျေးရွာအတွင်းရှိနေအိမ်များသို့ ဝင်ရောက်ကာ ဒေသခံပြည်သူခုနှစ်ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ကတော့လူကြီးတွေကိုဆွဲပြီး လူငယ်တွေကိုဖမ်းတဲ့သဘောပဲ။ သားသမီးတွေမရှိရင် အဖေ၊ အမေတွေကို ခေါ်သွားပြီး သားသမီးတွေနဲ့ပြန်လာလဲခိုင်းတာတို့၊ သားမရှိရင် သမီးတွေကိုဖမ်းသွားပြီး အဖေနဲ့လာလဲခိုင်းတာတို့ ရှိတယ်။ အိမ်တံခါးကို ကန်ဖွင့်ပြီး အတင်းလာခေါ်သွားတယ်လို့ပြောတယ်။ သူတို့ကလုံခြုံရေးအဖွဲ့နဲ့ ရွာထဲဝင်တဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့လာတာပေါ့” ဟုပြောသည်။

စစ်ကောင်စီတပ်သားများပါဝင်သည့် အင်အားရှစ်ဦးထက်မနည်းက အိမ်စီးကားနှစ်စီးဖြင့် လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး The 74 Media က ရရှိထားသော အချက်အလက်များအရ ဖမ်းဆီးခံထားရသူ ခုနှစ်ဦးမှာ အသက် ၃၀ နှစ်မှ ၆၀ ကျော်ခန့်အရွယ်ရှိ အမျိုးသားများဖြစ်သည်။

ပြည်သူ့တပ်ဖွဲ့က ဖမ်းဆီးသွားသူများတွင် သက်ကြီးရွယ်အိုအမျိုးသမီးများလည်းပါဝင်နေပြီး ဖမ်းဆီးခံရသူများကို လိုက်လံခေါ်ယူရာတွင်လည်း အစားထိုးမည့်သူတစ်ဦး၏ အမည်စာရင်းပေးရကြောင်း အသက် ၄၀ ကျော်ခန့်အရွယ် ဝူယန်ဒေသခံ အမျိုးသမီးကပြောသည်။

“ကျွန်မအိမ်ဘေးကမိန်းကလေးကိုခေါ်သွားတယ် အမေပြန်လာတော့မရှိလို့ သမီးကကျောင်းတက်နေတယ် မထည့်ရင်မရဘူးဆိုရင် ကျွန်မနာမည်ထည့်ဆိုပြီး အမေနာမည်ထည့်ခဲ့ပြီး ပြန်ခေါ်လာခဲ့တယ်။ ပြီးရင် တခြားအိမ်က အဘွားကြီးကိုလာခေါ်သွားတော့ အဘိုးကြီးကပြန်ရောက်လာတော့ မရှိနေတော့ သတိလစ်သွားတာ” ဟုပြောသည်။

ဝူယန်ကျေးရွာ ဆယ်မြောင်တည်ရှိရာ အနီးတစ်ဝိုက်နှင့် နံနက်ဈေးတို့တွင် ပြည်သူ့စစ်ဝတ်စုံများဖြင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ကျေးရွာတွင်းဝင်ရောက်ပြီး အတင်းအဓမ္မလူသစ်စုဆောင်းမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တစ်ချို့အိမ်ဝင်းတွေဆို သံဆူးကြိုးတောင်ဖြုတ်ပြီးတော့ဝင်တယ်။ ဟိုတစ်နေ့ကဆို အသက်ကြီးတဲ့သူတွေလည်း ပါသွားတယ် အခုထိပြန်မလွတ်သေးဘူး။ အစက စစ်ရှောင်တွေကိုမခေါ်ဘူးပြောပြီး အခုကတော့ခေါ်သွားတာပဲ။ ရွာကလူတွေလည်း တော်တော်ပြေးကြတယ်။ တစ်ချို့တွေဆို မိသားစုလိုက်ပြေးကြတယ်။ ကိုယ့်အမျိုးရှိတဲ့ အိမ်တွေဘက်ပြေးကြတာပေါ့” ဟုဆိုသည်။

လူသစ်စုဆောင်းရာတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်အတူ ခရစ်ယာန်ဘာသာရေးဆရာများ၊ ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများနှင့် ကြံခိုင်ရေးပါတီဝင်များလည်း ပူးပေါင်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူ ဦးရေ အတိအကျကိုလည်း The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်နေ လီဆူအမျိုးသမီးတစ်ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက နေအိမ်အတွင်းဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့သည်။

သတင်း – Thu Ta၊ Dureng၊ Doi Awng

 

သင့်ထင်မြင်ချက်ရေးပေးပါ