မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်းမကြီးတွင် ယနေ့ နံနက် ၁၂ နာခွဲခန့်က ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းကို ဝင်တိုက်ခဲ့သောကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ခြောက်ဦးစလုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကြောင်း သိရသည်။

KTV မှ ပြန်လာသူများက အမူးလွန်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပလက်ဖောင်းကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ပါးစပ်ကနေထွက်တဲ့အနံ့ကလည်း အရက်နံ့ပဲထွက်တယ်ဆိုတော့ ကျွန်တော်တို့ အဲ့လိုပဲယူဆတာပါ။ အရှိန်မထိန်းလို့လမ်းလေး ပလက်ဖောင်းနဲ့ဝင်တိုက်မိတာ ကားရှေ့ခြမ်းကတော့ အကုန်ပြားသွားတယ်။ ကားတောင်အဲ့လိုဖြစ်သွားတာ သူတို့ တော်တော်အရှိန်ပြင်းမယ့်ပုံပဲ” ဟုပြောသည်။

ဒဏ်ရာရသူများထဲမှ ရင်ဘတ်တွင် ထိခိုက်ဒဏ်ရာရရှိထားသော အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရပြီးယာဉ်မောင်းအမျိုးသားမှာ သတိလစ်နေကာ ထိခိုက်ဒဏ်ရာရရှိသူများကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သူကပြောသည်။

ကားပေါ်တွင် အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးပါရှိပြီး ကျန်သူများမှာ တင်ပါးဆုံရိုးကျိုးသည့်ဒဏ်ရာ၊ ပေါင်းရိုးကျိုးသည့်ဒဏ်ရာ၊ လက်မောင်းကျိုးသည့်ဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ပါဂျဲရိုးအမျိုးအစား အိမ်စီးကားတစ်စီး အရှိန်ဖြင့်မောင်းနှင်လာစဉ် ဘယ်ဘက်ရှေ့ဘီးပေါက်ကာ တိမ်းမှောက်ခဲ့သည်။

သတင်း – Dureng

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ ကချင်ပြည်နယ်/မြစ်ကြီးနား FB page

 

သင့်ထင်မြင်ချက်ရေးပေးပါ