မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ယနေ့ နံနက် ၄ နာရီခွဲခန့်က ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စီတာပူရပ်ကွက်၊ ဂင်ဒိုင်နယ်မြေ ကမ်းနားလမ်းပေါ် We Sing KTV အနီးရှိ ဆိုင်ခန်းမှတစ်ဆင့် နေအိမ်သို့ မီးကူးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေ အမျိုးသားတစ်ဉီးက The 74 Media ကိုပြောသည်။

“ရှေ့မှာက ဆိုင်ခန်းရှိတယ်။ အဲ့က စလောင်တယ်လို့ပြောတယ်။ အနောက်ကအိမ်လည်းပါသွားတယ်။ ဘာမှမရလိုက်ဘူး။ ဝါယာရှော့ခ်ကြာင့်ဖြစ်နိုင်တယ်လို့ပြောတယ်။ တခြားတော့မပြောတတ်ဘူး” ဟုပြောသည်။

ဆိုင်ခန်းမှတဆင့် မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်နေအိမ်တစ်လုံးလည်း မီးကူးစက်လောင်ကျွမ်းပျက်စီးသွားကြောင်း သိရသည်။

မီးလောင်သည့်နေရာတွင် မီးသတ်ကားနှစ်စီးနှင့် ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ယနေ့ နံနက် ၆ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း ဧရာဝတီကရုဏာ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

“တခြားအိမ်တော့မပါဘူး၊ အဲ့ခြံဝင်းထဲက ဆိုင်ခန်းနဲ့ အိမ်တစ်ခုပါသွားတယ်။ လူထိခိုက်တာတွေက မရှိဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလကလည်း ရမ်ပူရပ်ကွက်၊ ဆောက်လုပ်ရေးခြံဝင်းတစ်ခုရှိ ဂိုဒေါင်လေးလုံး လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ပျက်စီးခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ဧရာဝတီကရုဏာ(အခမဲ့) လူမူကူညီရေးအသင်း

 

သင့်ထင်မြင်ချက်ရေးပေးပါ