ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ကပိုင်ဆိုင်သည့် လောင်းကစားရုံမှ လုံခြုံရေးဝန်ထမ်းများက အမျိုးသားတစ်ဦးကို အကြောင်းမဲ့ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ခြံမှပြန်လာသည့် အမျိုးသားတစ်ဦးက မိုင်းနားအုပ်စု မခေါဒီကျေးရွာရှိ လောင်းကစားရုံရှေ့တွင် ယမန်နေ့ညနေ ၅ နာရီခန့်က ဖုန်းရပ်ပြောနေစဉ် ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြခြင်းဖြစ်သည်ဟု ထိုးကြိတ်ခံရသည့် အမျိုးသားက The 74 Media ကိုပြောသည်။

“ကျွန်တော်လည်းအဲ့မှာရောက်မှ ဖုန်းကဝင်လာပြီး ဆိုင်ကယ်ရပ်ပြီး ပြောနေတာ။ အဲ့တာကို အစောင့်တွေလာပြီး မပြောနဲ့လို့လာပြောတယ်။ တစ်ခါတည်းချလို့တော့ မရဘူးလေ ဖုန်းပြောနေဆဲဆိုတော့ အဲ့မှာနောက်ကတစ်ယောက်အရင်ထိုးတာ၊ ပြီးရင်ရှေ့ကတစ်ယောက် ပြန်ထိုးတယ်” ဟုပြောသည်။

ထိုးကြိတ်ခံရသူသည် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လုံခြုံရေးဝန်ထမ်းနှစ်ဦးက လက်သီးဖြင့် ငါးချက်ထက်မနည်းထိုးကြိတ်ခဲ့ကြခြင်းဖြစ်ကာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနီးရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့က အထက်သို့တင်ပြပေးသွားမည်ဟု ပြောကြောင်းသိရသည်။

အဆိုပါလောင်းကစားရုံသည် မိုင်းနားကျေးရွာမှ နောင်းချိန်ကျေးရွာသို့သွားသည့် လမ်းမကြီးဘေးတွင်တည်ရှိပြီး ဖုန်းမပြောရဟုရေးသားထားသည့် အသိပေးဆိုင်းဘုတ်များလည်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလကလည်း အဆိုပါလောင်းကစားရုံမှ ဂွေထုပြည်သူ့စစ် တပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသည်။

သတင်း – Doi Awng

ပုံ – ၂၀၂၂ ခုနှစ်က ဂွေထုပြည်သူ့စစ်တပ်ဖွဲ့တို့ လုံခြုံရေးကင်းလှည့်နေသည်ကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ