မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များနှင့် ယာယီအပစ်ရပ်ရေးသဘောတူညီမှုကို ချိုးဖောက်ကာ စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ်တွင် စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအင်းအားစုများနေရာယူထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ငြိမ်းချမ်းရေးကုန်းအနီးသို့ ယနေ့ နံနက် ကိုးနာရီခန့်ကစတင်ကာ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသော ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်ရှိဖြစ်နေတဲ့ ငြိမ်းချမ်းရေးကုန်းမှာ စစ်ကောင်စီဘက်က လွန်ခဲ့တဲ့ရက်ပိုင်းလာစောင့်တာ။ အဲ့မှာ အရင်ကတော့ သူတို့စခန်းရှိတယ်။ အဲ့စခန်းကိုဖြိုလိုက်တာကြာပြီ။ အခုသူတို့(စစ်ကောင်စီ)ကပြန်နေရာယူတာပေါ့။ အဲ့မတိုင်ခင်တော်လှန်ရေးတပ်က အဲ့နားတစ်ဝိုက်မှာရှိနေပြီးသားပါ။ အခုလည်း စကစ(စစ်ကောင်စီ)ဘက်က စစ်‌ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်တာပါ” ဟုပြောသည်။

မိနစ် ၂၀ ခန့်အကြာတိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စီး၊ ရဟတ်ယာဉ်တစ်စီးတို့ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသူကပြောသည်။

တိုက်ပွဲဖြစ်ပွားသောနေရာသို့ စစ်ကောင်စီစစ်ကြောင်းက အင်အားအလုံးအရင်းဖြင့်တက်လာသောကြောင့် ဒေသခံများက မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်နေကြောင်း သူကဆက်ပြောသည်။

“အဲ့ဖြစ်တဲ့နားမှာဆိုတော့ ဗုံးခိုကျင်းထဲဝင်ပုန်းရတယ်ထွက်မကြည့်ရဲဘူး။ စကစ(စစ်ကောင်စီ)ဘက်က အင်းအားအများအပြား ကားတွေနဲ့အဲ့ဘက်တက်သွားတယ်။ တိုက်ပွဲကအခုလည်းဆက်လက်ပြီးဖြစ်နိုင်တယ်။ ဒေသခံတော်တော်များများက မြို့ကိုတိမ်းရှောင်ကြပြီ” ဟုပြောသည်။

ကျောက်မဲမြို့ အခြေစိုက်ခြေလျင်တပ်ရင်း (ခလရ – ၅၀၁၊ ခလရ – ၅၀၂) တပ်မှ စစ်ကောင်စီတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ငြိမ်းချမ်းရေးကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်နာရီခန့်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ နောက်ဆုတ်ပေးလိုက်ရကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ကူမင်းမြို့တွင် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က အပစ်ရပ်စဲရန်သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့၊ သီပေါမြို့၊ လားရှိုးမြို့နှင့် မိုးကုတ်တို့တွင် ယမန်နေ့က တစ်ဖက်သတ်လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

သတင်း – Dureng

 

သင့်ထင်မြင်ချက်ရေးပေးပါ