မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦးကို စစ်ကောင်စီကထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်းသိရသည်။

လာအိုနိုင်ငံဆိုင်ရာမြန်မာသံအမတ်အဖြစ် တာဝန်ယူနေစဉ် စစ်ကောင်စီက နေပြည်တော်သို့ ပြန်လည်ဆင့်ခေါ်ပြီးနောက် စစ်တရားရုံးတွင် တရားစွဲဆိုကာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဟောင်းမြတ်သက်ဦးကို မည်သည့်ပုဒ်မဖြင့်တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခဲ့သည်ကို အသေးစိတ်မသိရှိရသေးသော်လည်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားသော မပခတိုင်းမှူးဟောင်းဖြစ်သူ ဗိုလ်ချုပ်ကိုကိုမောင်၏ အမှုတွဲနှင့်ဆက်စပ်သောကြောင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ်ဟောင်းကိုကိုမောင်၏ အမှုသည် စစ်ကိုင်းတိုင်းနှင့်ဖားကန့်ဒေသသို့ ဖောက်ခွဲရေးယမ်းများကို လာဘ်ယူကာတင်သွင်းခွင့်ပြုခြင်းနှင့် အာဏာအလွဲသုံးစားပြုလုပ်ကာ ဖားကန့်တွင် ကျောက်စိမ်း၊ ရွှေတူးဖော်ခွင့်ပေးခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည်။

စစ်တက္ကသိုလ်အပတ်စဉ် (၃၈) ကျောင်းဆင်း ဗိုလ်ချုပ်မြတ်သက်ဦးသည် အာဏာသိမ်းပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်လာခဲ့ပြီး တာဝန်ယူခဲ့သည့်အချိန်က ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ ပစ်သတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ အဓိကလုပ်ဆောင်ခဲ့သူဖြစ်သည်။

သတင်း – David

ပုံ – ထောင် ၁၀ နှစ်ချမှတ်ခံလိုက်ရသည့် မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦး။

 

သင့်ထင်မြင်ချက်ရေးပေးပါ