ကချင်ပြည်နယ်၊ တရုတ်နယ်စပ်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်များတွင် အလုပ်ရမည်ဟုသွေးဆောင်ဖျားယောင်းကာ ငွေကြေးလိမ်လည်ရယူမှုများ မကြာခဏဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ချီဖွေမြို့နယ်၊ ပန်ဝါမြို့အနီးပတ်ဝန်းကျင်ရှိမြေရှားသတ္တုတွင်းများတွင် အလုပ်ရှာပေးမည်ဟုဆိုကာ ပွဲစားခများတောင်းယူခဲ့သော်လည်း အလုပ်ရှာပေးနိုင်ခြင်းမရှိကြောင်း ငွေကျပ်လေးသိန်းခန့် လိမ်ခံရသူလူငယ်တစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်း တရုတ်စကားလည်းမတတ်ဘူး။ အဆက်အသွယ်အသိတွေလည်းမရှိတော့ အလုပ်ဆက်ပေးတယ်ကြားလို့ ယုံမိတာပေါ့။ အဲ့ဆိုက်မှာအလုပ်လုပ်နိုင်ဖို့ ဟိုလူ့ကို ပိုက်ဆံဘယ်လောက်ပေးရမယ်၊ ဒီလူကိုဘယ်လောက်ပေးရမယ်ဆိုပြီးတောင်းတာ။ ဟိုရောက်တော့ သုံးလေးရက်ကြာလာလည်း ဟိုပြော ဒီပြောပဲလုပ်နေတာနဲ့ ပျောက်သွားတာ” ဟုပြောသည်။

ပွဲစားများက မြေရှားသတ္တုတွင်းတွင်အလုပ်သွင်းပေးမည်ဟုဆိုကာ ငွေကျပ်နှစ်သိန်းမှဆယ့်ငါးသိန်းကျပ်နီးပါးထိ လိမ်လည်ရယူမှုများရှိနေပြီး အလုပ်ရှာပေးနိုင်ခြင်းမရှိသည့်ကြောင်း မြေရှားသတ္တုကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ကိုင်နေသောအမျိုးသမီးတစ်ဦးကဆိုသည်။

“ပန်ဝါဘက်ဆို အလုပ်ရှာပေးမယ်ဆိုပြီး ပိုက်ဆံတွေအများကြီးတောင်းပြီး၊ အဲ့ပွဲစားတွေလေ ပိုက်ဆံလည်းရရောပစ်ထားလိုက်တာ။ ဘာအလုပ်မှမရှာပေးဘူး။ တချို့ကိုရှာပေးပြန်တော့လည်း ဖြစ်သလိုလုပ်ပေးကြတာ။ အဲ့လိုမျိုးတွေအပြည့်ပဲ” ဟုပြောသည်။

အဆိုပါပွဲစားများနှင့် ချိတ်ဆက်ထားသည့် ခရီးသည်တင်မော်တော်ယာဉ်များကလည်း ကားခများကို ပုံမှန်ထက်ပိုမိုတောင်းခံရယူမှုများလည်းရှိသည်ဟု သူကဆိုသည်။

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်များတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများရှိပြီး အလုပ်လုပ်ကိုင်လိုလျှင် ပွဲစားများမှတစ်ဆင့်သာ အလုပ်ဝင်ခိုင်းကြောင်း ပန်ဝါဒေသ မြေရှားသတ္တုကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသော လူငယ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုက်(ကုမ္ပဏီ) ထဲမှာ အလုပ်လုပ်နေတဲ့အသိတွေရှိရင်လည်း အဲ့ကုမ္ပဏီထဲကခေါင်းဆောင်တွေက အသိတွေကနေတစ်ဆင့် မခေါ်ခိုင်းဘူး။ ပွဲစားကနေတစ်ဆင့် ဝင်ခိုင်းတာ။ ပြီးတော့ ကျင်းတူးတဲ့ခေါင်းဆောင်တွေကလည်း သူဌေးတွေပေးတဲ့ လုပ်ခလစာတွေဖြတ်စားတယ်။ မီတာဖတ်တဲ့ချိန်လည်း အပိုညစ်စားသေးတယ်” ဟုပြောသည်။

အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှုပြဿနာများကြောင့် ကချင်ပြည်နယ်နေရာဒေသအသီးသီးနှင့် အခြားပြည်မဒေသမှ လူငယ်များက ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်များတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည်။

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအပေါ် တရုတ်လုပ်ငန်းရှင်များက အလုပ်သမားအခွင့်အရေးချိုးဖောက်မှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများရှိနေကြောင်း Myanmar Resources Watch (MRW) အဖွဲ့က ပြီးခဲ့သည့် မေလတွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။

သတင်း – Zami

ပုံ – မြေရှားသတ္တုလုပ်ငန်းခွင်ကိုတွေ့ရစဉ်။

 

သင့်ထင်မြင်ချက်ရေးပေးပါ