စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် စစ်ရှောင်ပြည်သူ ငါးဦးကို သတ်ဖြတ်မှု ယမန်နေ့ နံနက် ၁၁ နာရီခန့်က ခင်ဦးမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြင်းကျကျေးရွာမှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်သေဆုံးမှုရှိသည့်အတွက် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်မှုများပြုလုပ်ခြင်းဖြစ်သည်ဟု ခင်ဦးဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့စစ်ကြောင်းက ဇန်နဝါရီ ၉ ရက်နေ့က ခင်ဦးမြို့ကိုရောက်တယ်။ အဲ့ကနေ တဲစုကျေးရွာမှာတပ်စွဲဖို့လုပ်တယ်။ အဲ့ရွာမှာပဲ နေအိမ် ၁၀ လုံးကိုမီးရှို့ခဲ့တယ်။ အဲ့ကနေ သူတို့ပြန်ထွက်လာတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲပြန်ဖြစ်တယ်။ အဲ့မှာသူတို့ နှစ်ယောက်က အဲ့မှာသေသွားတယ်လို့ကြားရတယ်။ တစ်ရွာဝင် တစ်ရွာထွက် အိမ်မီးရှို့လူသတ်လိုက်လုပ်တယ်” ဟုပြောသည်။

အင်အား ၇၀ ခန့်ပါဝင်သည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မြင်းကျကျေးရွာမှ အသက် ၆၇ နှစ်အရွယ် ဦးလှဝင်း၊ အသက် ၆၀ ကျော်အရွယ် ဦးမြင့်ဆွေတို့ကို သတ်ဖြတ်ခဲ့သည့်အပြင် ကျွန်းတောကြီးကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်သူ မရင်ဝင်းကို သတ်ဖြတ်ခဲ့ကြောင်း သူကဆက်ပြောသည်။

“မြင်းကျကျေးရွာကတစ်ဆင့် ကျွန်းတောကျေးရွာကို စစ်ကြောင်းထိုးလာချိန် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်သေးတယ်။ ကျွန်းတောကြီးကျေးရွာ အသက် ၃၀ ကျော်အရွယ် မရင်ဝင်းကိုလည်းသေနတ်နဲ့ပစ်သတ်ထားတယ်။ သူကကိုယ်ဝန်နဲ့ဗျာ ၆လ ၇လလောက်ရှိတယ်။ ကျွန်းတောကြီးကျေးရွာကိုလည်းမီးရှို့ထားခဲ့တယ်” ဟုပြောသည်။

အဆိုပါစစ်ကြောင်းသည် ကားဆိပ်ကျေးရွာကို ဆက်လက်စစ်ကြောင်းထိုးပြီး အဆိုပါကျေးရွာမှ လင်မယားနှစ်ဦးကိုပစ်ခတ်ခဲ့သောကြောင့် အသက် ၄၇ အရွယ် အမျိုးသမီးဖြစ်သူ မရင်မိုးသေဆုံးသွားပြီး အမျိုးသားဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ရေဦးမြို့မှ ခင်ဦးမြို့နယ်သို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်လာသည့်စစ်ကြောင်းဖြစ်ပြီး ယခုအချိန်တွင် ရေဦးမြို့တွင်း အောင်ဆန်း အ.မ.က ကျောင်းတွင် ပြန်လည်စခန်းချနေပြီဖြစ်ကြောင်း Khin U Local Guerrilla Force ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က ခင်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ခင်ဦးမြိုနယ် သတင်းမှန်ပြန်ကြားရေး FB Page

သင့်ထင်မြင်ချက်ရေးပေးပါ