ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၁၉ ၏ စကခမှူးကို ယနေ့နံနက်ပိုင်းက ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်က စခန်းသိမ်းတိုက်ပွဲများဆင်နွှဲပြီး တိုက်ပွဲပြင်းထန်နေချိန်တွင် ထွက်ပြေးရန်ကြိုးစားခဲ့သည့် စကခ ၁၉ ၏ ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု AA ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းဌာနများတွင်ဖော်ပြထားသည်။

ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို ဖမ်းဆီးရမိထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)က သတင်းအချက်အလက်များကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင်လည်း စစ်ကောင်စီ၏ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို TNLA တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့သည်။

ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် AA ၏ စခန်းသိမ်းတိုက်ပွဲများနှင့်အတူ တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း – Thu Ta

ပုံ – စကခ ၁၉ ၏ ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ

ဓါတ်ပုံ – မြေလတ်အသံ

 

သင့်ထင်မြင်ချက်ရေးပေးပါ