တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ယမန်နေ့ကရှမ်းမြောက်တွင် ယာယီအပစ်ခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းမှုဖြင့် ကူမင်းမြို့တွင် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် တွ့ဆုံဆွေးနွေးစဉ် ညီနောင်မဟာမိတ်သုံးဖွဲ့၏နယ်မြေများတွင် အပစ်ရပ်စဲရန်သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲပြုလုပ်နေစဉ် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆွေးနွေးပွဲရလဒ်အဖြစ် ညီနောင်မဟာမိတ်အဖွဲ့အနေဖြင့် အပစ်ခတ်ရပ်စဲရန်၊ မြို့နှင့်စခန်းသိမ်းတိုက်ပွဲများ ဆက်မလုပ်ရန်နှင့် စစ်ကောင်စီဘက်ကလည်း လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုမပြုလုပ်ရန် သဘောတူညီခဲ့ကြပြီး ထိုသဘောတူညီချက်လက်လက်မှတ်ရေးထိုးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၁၀ နာရီမှစတင်ကာ အသက်ဝင်ပြီဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူတစ်ဦးကို ကိုးကားပြီး RFA သတင်းဌာနက ဖော်ပြထားသည်။

ထိုသဘောတူညီချက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းသာ အကျုံးဝင်မည်ဖြစ်ပြီး ရခိုင်ဒေသအတွက် မပါဝင်ကြောင်း သိရသည်။

‘၁၀၂၇ စစ်ဆင်ရေး’စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ယနေ့အချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်များအပါအဝင် မြို့ပေါင်း ၁၅ မြို့ကို ညီနောင်မဟာမိတ်အဖွဲ့က သိမ်းယူထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင်လည်း ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်၏ ဗျူဟာစခန်းကုန်း ၄ နှင့် တပ်စခန်းပေါင်း ၁၅၀ နီးပါး တိုက်ခိုက်သိမ်းယူထားသည်။

သတင်း – Thu Ta

 

သင့်ထင်မြင်ချက်ရေးပေးပါ