ချင်းပြည်နယ် ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ယမန်နေ့က လက်နက်များနှင့်အတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်ခဲ့ကြောင်းသိရသည်။

အလင်းဝင်လာသူများသည် CDM စစ်သားများနှင့် ချိတ်ဆက်က အလင်းဝင်လာခဲ့ခြင်းဖြစ်သည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုသူတို့လည်း အဲ့အပြင်ရောက်နေတဲ့ CDM တွေကိုချိတ်ဆက်ပြီးဝင်လာတာဗျာ။ အရင်က CDM လုပ်ခဲ့တာသူတွေပဲ အားလုံးလုပ်ပေးခဲ့တာ။ အလင်းဝင်တဲ့သူတွေလည်း သူ့တို့ကိုယုံကြည်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ချိတ်ဆက်ပြီး ချင်းပြည်နယ်အထိသွားခေါ်ခဲ့တာဗျာ” ဟုပြောသည်။

အလင်းဝင်လာသူများသည် တပ်သားအဆင့်ရှိသူများဖြစ်ပြီး တပ်အတွင်းကျန်ရှိနေသော မိသားစုလုံခြုံရေးကြောင့် နာမည်၊ အသက်နှင့် မည်သည့်တပ်မှဖြစ်ကြောင်း အတိကျဖော်ပြနိုင်ခြင်းမရှိကြောင်းသူကပြောသည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများအပေါ်ကျူးလွန်နေသော လုပ်ရပ်များကိုလက်မခံနိုင်သောကြောင့် အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သူကဆက်ပြောသည်။

အလင်းဝင်လာသူများသည် MA 1 တစ်လတ်၊ MA 3 တစ်လတ်၊ လက်ပစ်ဗုံး ခြောက်လုံး၊ ကျည်ဘောက်ခြောက်ခု၊ အီနာဂါ လေးဖူး၊ ၅.၅၆ ကျည်ဆံ ၄၉၀ တောင့်တို့ကို ယူဆောင်လာပြီး ၎င်းတို့ကို ငွေကျပ်သိန်း ၁၂၀ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ နေ့ကလည်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ တီးတိန်အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ – ၂၆၉ ) မှ ဒု – တပ်ကြပ်ဝေလင်းက လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ဓာတ်ပုံ – ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ FB Page

 

သင့်ထင်မြင်ချက်ရေးပေးပါ