အာဏာသိမ်းသုံးနှစ်တာကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်းရှိ ကလေးသူငယ် စုစုပေါင်း ငါးရာကျော် သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရသိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ကျေးရွာအတွင်းဝင်ရောက်စီးနင်းမှုနှင့် လက်ကျန်လက်နက်များပေါက်ကွဲမှုတို့ကြောင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်စုစုပေါင်း ၅၀၅ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

တိုင်းနှင့်ပြည်နယ်အလိုက် ကလေးသူငယ်များသေဆုံးမှုရာခိုင်နှုန်းကို နှိုင်းယှဉ်ကြည့်ပါက စစ်ကိုင်းတိုင်းတွင်အများဆုံးဖြစ်ပြီး ၂၀၀ နီးပါးပါဝင်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီကရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုတွင် ကလေးငယ် ၆ ဦးသေဆုံးခဲ့သလို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက် ၁၈ နှစ်အောက် ကလေး ၁၉ ဦးသေဆုံးခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၉ ရက်နေ့ညက ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာ စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုတွင် ကလေး ၁၁ ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များဖျက်ဆီးခဲ့သော စာသင်ကျောင်း ၁၁၉ ကျောင်း နှင့် ဆေးခန်း ၃၉၁ ခုရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ စတင်ခဲ့သည့်အချိန်မှ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂၈ ဦးသေဆုံးခဲ့ကြောင်း Shan Human Rights Foundation (SHRF) က ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်တာကာလအတွင်း ကလေးသူငယ်များအပါအဝင် နိုင်ငံတစ်ဝှမ်း သေဆုံးသူ စုစုပေါင်း ၄၃၄၁ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇန်နဝါရီလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

သတင်း – Thu Ta

ပုံ – မုန်လိုင်ခက်တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော ကလေးငယ်တစ်ဦး။

 

သင့်ထင်မြင်ချက်ရေးပေးပါ