ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ညနေ ငါးနာရီခွဲအချိန်ခန့်က KIA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ခရီးသည်တင်ကားများနှင့် လမ်းသွားလမ်းလာပြည်သူများအား ဥပဒေမဲ့ဂိတ်ကြေးကောက်ခံနေသည့် စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း လုံးခင်းကျေးရွာတွင်နေထိုင်သည့် ကုန်စိမ်းသည်တစ်ဦးက The 74 Media ကိုပြောသည်။

“နှစ်မျက်နှာဘုရားမှာ သေနတ်တွေပစ်နေတာ။ အပြန်အလှန်ကိုပစ်နေတာဗျ။ အဲ့မှာက ခရီးသည်ကားတွေ၊ ကားကြီးတွေဂိတ်ကြေးဝင်ပေးတဲ့နေရာဟုတ်တယ်”ဟုပြောသည်။

အလားတူ လုံးခင်းကျေးရွာလယ်ပြင်အနီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်နေကြောင်း လုံးခင်းကျေးရွာလယ်ပြင်အနီးနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောသည်။

“အိမ်ခေါင်မိုးပေါ်ကဖြတ်သွားတာ။ အနီးနားမှကျတာလည်းရှိတယ်။ ခေါင်မိုးပေါ်တွေမှာ လက်နက်ကြီးအစတွေလာကျတယ်။ စစ်တပ်ဘက်က ရမ်းထုခဲ့တဲ့ဟာတွေ။ လူထိခိုက်တာမျိုး မကြားမိသေးဘူး”ဟုပြောသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုအခြအနေနှင့် လက်နက်ကြီးကြောင့် ပြည်သူများထိခိုက်မှု ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ်တွင် နှစ်သစ်မှစတင်ပြီး KIA ပူးပေါင်းတပ်က ဝှေခါကျေးရွာနှင့် နန့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တပြိုင်နက်တိုက်ခိုက်ပြီးနောက် စစ်ရေးတင်းမာနေသည်။

သတင်း – Pe Ti

ပုံ – KIAတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ