ဖားကန့်မြို့နယ် ဝှေခါကျေးရွာတွင် ဇန်နဝါရီလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများ ခြုံစောင်များအရေးပေါ်လိုအပ်နေကြောင်းသိရသည်။

ဝှေခါကျေးရွာ၊ ဂျမ်ဂါကျေးရွာ၊ မော်လကင်၊ ဆိုင်းအောင်စသည့် ဒေသခံပြည်သူအယောက် ခုနှစ်ရာကျော်သည် ဆိပ်မူကျေးရွာရှိ စိမ်းမြသုခဘုန်းကြီးကျောင်းတိုက်တွင် စစ်ရှောင်နေကြပြီး ရာသီဥတုအအေးဒဏ်ကြောင့် ခြုံ‌စောင်များလိုအပ်နေကြောင်း အသက်လေးဆယ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မသေရင်ပြီးရော ဘာမှယူချိန်လည်မရခဲ့ဘူး။ သက်ကြီးပိုင်းတွေ ရွာထဲကျန်ခဲ့တယ်။ အခြေအနေက ပြောရမသေးလို့မပြန်သေးဘူး။ တကယ်ငြိမ်ပြီဆိုမှ ပြန်တော့မယ်။ အခုလောလောဆယ်လိုတာက ခြုံစောင်လေးတွေပါ။ ကျန်တာတော့အဆင်ပြေတယ်။ အစားအသောက်လည်း အဆင်ပြေပါတယ်”ဟုပြောသည်။

ဆိုင်း‌‌တောင်နှစ်ခြင်းဘုရားကျောင်းနှင့် လုံးခင်းကျေးရွာမှ ဘုန်းကြီးကျောင်းတွင်လည်း ရာချီသည့် ဒေသခံများစစ်ရှောင်နေကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများထဲတွင် မူးယစ်ဆေးသုံးစွဲသူများလည်းပါဝင်ပြီး နေရာထိုင်ခင်းအဆင်ပြေနိုင်ရန်အတွက် စီစဉ်ပေးနေကြောင်း စစ်ရှောင်ပြည်သူများကိုကူညီပေးနေသည့် ဆိပ်မူကျေးရွာလူမှုကူညီရေးအဖွဲဝင်တစ်ဦးကဆက်ပြောသည်။

“မူးယစ်ဆေးသုံးစွဲတဲ့သူတွေပါလာတော့ သူတို့အတွက်နေရာတစ်နေရာ ပြန်လုပ်ပေးနေရတယ်။ ပစ္စည်းပျောက်တာတို့ဆို စကားမများရအောင်လို့ပါ။ အလှူရှင်တွေရှိနေတော့ အဆင်ပြေနေသေးပါတယ်”ဟုပြောသည်။

ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် KPD ပူးပေါင်းတပ်ဖွဲ့တို့ ဝှေခါကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ဇန်နဝါရီလ ၆ ရက်နေ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းမှူးကိုဖမ်းဆီးရမိခဲ့ကာ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။

ဝှေခါကျေးရွာသို့ စစ်ကြောင်းထိုးရန်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဇန်နဝါရီလ ၈ ရက်နေ့က KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

သတင်း – Pe Ti

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ