ပူတာအိုမြို့နယ်၊ အထက်ဆန်ဂေါင်ကျေးရွာမှ ဆယ်ကျော်သက်အရွယ်ယောကျ်ားလေး ငါးဦး ပျောက်ဆုံးနေကြောင်းသိရသည်။

ပျောက်ဆုံးနေသူများသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အထက်ဆန်ဂေါင်ကျေးရွာမှ ပူတာအိုမြို့ပေါ်သို့ သွားမည်ဟုဆိုကာ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်ခွာသွားပြီးနောက် ယနေ့ထိအဆက်သွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ပျောက်ဆုံးနေသူတစ်ဦး၏ အစ်မဖြစ်သူက The 74 Media ကိုပြောသည်။

“အခုချိန်ထိဘာသတင်းမှမရသေးဘူး။ သူတို့ဆီမှာ ဖုန်းသုံးလုံးတော့ပါသွားတယ်။ တခြားတော့ ဘာမှမယူသွားဘူး။ ဖုန်းဆက်ရင်တော့ဝင်တယ်။ မသိတဲ့သူတစ်ယောက်ကကိုင်တယ်။ ဘာမှပြန်မပြောဘူး။ သူတို့အားလုံးက သူငယ်ချင်းတွေဟုတ်တယ်” ဟုပြောသည်။

ပျောက်ဆုံးနေသူများမှာ မောင်ဖုန်မောင်ကေတီအွန်၊ မောင်ရားဝမ်ဖေဝမ်၊ မောင်ရမ်ဖူးဖုန်၊ မောင်ဖုန်မလေဆင်နှင့် မောင်ဖရန်ကန်ဆင်အောင်ဆိုသူတို့ ဖြစ်ပြီး အသက် ၁၃ နှင့် ၁၄ အရွယ်များဖြစ်ကြောင်းသိရသည်။

သက်ဆိုင်ရာတွင် လူပျောက်တိုင်ကြားထားခြင်းမျိုးမရှိသေးဘဲ အဆိုပါလူငယ်များကိုတွေ့ရှိပါက ဖုန်း ၀၉၂၅၇၁၉၃၀၁၀ သို့ဆက်သွယ်အကြောင်းကြားပေးစေလိုကြောင်း မိသားစုဝင်များကပြောသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့က ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်မှ အသက် ၂၇ နှစ်ခန့်အရွယ် ဆွံ့အနားမကြားသူအမျိုးသမီးတစ်ဦး ပျောက်ဆုံးခဲ့ဖူးသည်။

သတင်း – Dureng

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ