ကန့်ကလူမြို့နယ်၊ တင်ငုတ်ကြီးကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်းက သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

တင်ငုတ်ကြီးကျေးရွာရှိ စစ်ကောင်စီပူးပေါင်းတပ်စခန်းကို ယမန်နေ့ည ၁၁ နာရီခွဲခန့်ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်အစောပိုင်းတွင် သိမ်းပိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့စခန်းမှာက ပျူစောထီးတွေကပိုများတာ။ ကျွန်တော်တို့က စခန်းသိမ်းပြီးလက်နက်တွေပဲယူပြီးပြန်ခွာခဲ့တာ။ ကျွန်တော်တို့ အဲ့လိုသိမ်းပြီး ထိုင်ရင် သူတို့က လေယာဉ်နဲ့လာလာကြဲတာကိုးကွ” ဟုပြောသည်။

အမှတ် (၁) စစ်ဒေသရှိ ကန့်ဘလူခရိုင်ကွပ်ကဲရေးဦးဆောင်မှုဖြင့် ကန့်ဘလူခရိုင် ပကဖလှုပ်ရှားတပ်ဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ရပ်ကျေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးကာ ကာဘိုင်သေနတ် ရှစ်လက်၊ G-3 တစ်လက်၊ ဂျောက်ဂျက် (Shotgun) ငါးလက်၊ ကျည်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရမိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာအကျော်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ထက်မနည်းသေဆုံးခဲ့ပြီး လက်နက်အများအပြားသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်၊။

သတင်း – Dureng

ပုံ – Ministry of Defence – National Unity Government of Myanmar

သင့်ထင်မြင်ချက်ရေးပေးပါ