မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်တွင် ယနေ့နံနက် ခြောက်နာရီခွဲခန့်က ကျောက်ခဲဖြင့်ထုနှက်ခံထားရသောကြောင့် ဒဏ်ရာပြင်းထန်စွာရရှိထားသော အမည်မသိအမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

ဦးခေါင်းနှင့် မျက်နှာတို့တွင် ကျောက်ခဲဖြင့်အထုခံရသောကြောင့် ဒဏ်ရာပြင်းထန်သောအမျိုးသားတစ်ဦးကို လယ်ကုန်းရပ်ကွက် လမ်းခုလတ်တစ်နေရာတွင်တွေ့ရှိခဲ့ပြီး လူနာရှင်မတွေ့သေးကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“မျက်နှာမှာပဲထုခံရတာ သွေးတွေထွက်ပြီး သွားတွေလည်းကျိုးနေတယ်။ အဲ့နားဝန်းကျင်မှာတော့အားလုံးမေးပြီးပြီ၊ ဘယ်သူမှမသိဘူးပဲပြောတယ်။အဲ့နားကတော့ မဟုတ်ဘူးထင်တယ်။ သူကအချင်းချင်းရန်ဖြစ်ပြီး ထုသွားတာလား၊ သူ့ဆီကတစ်ခုခုများ လုယူသွားတာလားဆိုတာတော့ ကျွန်တော်တို့လည်းမပြောနိုင်ဘူး။ သူတို့ထုခဲ့တဲ့ ကျောက်ခဲလည်း အနားမှာပဲ ရှိနေတယ်” ဟုပြောသည်။

ရိုက်နှက်ခံထားရသောသူမှာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ဒဏ်ရာပြင်းထန်သောကြောင့် စကားမပြောနိုင်ဘဲ မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လကလည်း မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ တရုတ်ဘုံကျောင်းအနီးတွင် ဓားထိုးဒဏ်ရာဖြင့်သေဆုံးနေသော ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ဓာတ်ပုံ – မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း FB Page

သင့်ထင်မြင်ချက်ရေးပေးပါ