ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ ရွှေပီတိစားသောက်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးခဲ့ပြီးနောက် ငါးလခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်နှင့်စားသောက်ဆိုင်ကို ယနေ့ နံနက်ပိုင်းက ချိပ်ပိတ်ခဲ့ကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးခံထားရသည့် ဦးစိုင်းဘိုပိုင်ဆိုင်သည့် အလယ်ရပ်ရပ်ကွက်ရှိနေအိမ်နှင့်စားသောက်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူ့ကို မိုးကောင်းရဲကနေပြီးတော့ လာအဖမ်းခံပေါ့။ မင်းလာရှင်းပေါ့ မရှင်းလို့ရှိရင် ဆိုင်ကိုချိပ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောတော့ ရှင်းမယ်ဆိုပြီး သွားပြီးဖမ်းခံလိုက်တာပေါ့။ ဖမ်းခံတာတော့ လေး၊ ငါးလ လောက်တော့ ရှိပါပြီ။ အခုကဘယ်လိုဖြစ်လဲတော့မသိဘူး။ ဆိုင်ကိုချိပ်ပိတ်တဲ့အနေအထား ဖြစ်သွားတာပေါ့နော်” ဟုပြောသည်။

ရွှေပီတိစားသောက်ဆိုင်ကို ချိပ်ပိတ်ရန်အတွက် ပစ္စည်းများကို ယနေ့အပြီးပြောင်းရွှေ့ရန် ယမန်နေ့က လာရောက်ပြောဆိုခဲ့ကြောင်း မိုးကောင်းဒေသခံအမျိုးသားတစ်ဦးကဆက်ပြောသည်။

“ရွှေပီတိဆိုင်ကို မနေ့ညနေပိုင်းလောက်က စစ်သားတွေနဲ့ရဲတွေနဲ့ ပူးပေါင်းပြီးတော့ လမ်းမှာပိတ်ဆို့ပြီးတော့ ပစ္စည်းတွေကို ဒီနေ့အပြီးသိမ်းရင်သိမ်း မသိမ်းရင်တော့ဒီထဲကပစ္စည်းတွေမပေးဘူး ချိပ်ပိတ်မယ်လို့ ပြောသွားတယ်။ ဒီနေ့မနက် ကျွန်တော်သွားကြည့်တော့ သူတို့ရွှေ့တော့ရွှေ့နေတယ် မပြီးသေးဘူး” ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းကလည်း PDF များနှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ ဇင်ယော်ဆီဆိုင်ပိုင်ရှင်လင်မယားကို စစ်တပ်ကဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်နှင့်ဆီပန့်ဆိုင်ကို ဖျက်ဆီးကာ ချိပ်ပိတ်ခဲ့သည်။

အာဏာသိမ်းပြီးနောက်မိုးကောင်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များအပါအဝင်အရပ်သားများ၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို စွပ်စွဲချက်မျိုးစုံဖြင့် စစ်ကောင်စီချိတ်ပိတ်ခဲ့ပြီး လက်ရှိအချိန်ထိချိပ်ပိတ်ခံခဲ့ရသည့် နေအိမ် ၇ အိမ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ